နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာမှာ ဒီဇင်ဘာ၆ရက်က အောင်စိုးမင်းဂီတပဒေသာဆိုင်းအဖွဲ့ရဲ့ ဖျော်ဖြေမှုမှာ ကြာနီကန်ဆရာတော်ရဲ့ အနန္တငါးပါးရှိခိုးမှုနဲ့ ကိုရီးယားဂန်းနန်းစတိုင်သီချင်းတို့ကို ပေါင်းစပ်ပြီး သရုပ်ပျက်ဖျော်ဖြေခဲ့သူတွေကို ဖမ်းဆီးအရေးယူထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အောင်စိုးမင်းဆိုင်းအဖွဲ့က ဖျော်ဖြေရာမှာ လူရွှင်တော်က ကိုရီးယားသီချင်းတီးလုံးနဲ့ သင်္ကန်းဝတ်ဆင်သရုပ်ဖော်ပြီးနောက် သင်္ကန်းကိုချွတ်ကာ အများပြည်သူအမြင်မတင့်တယ်တဲ့ ညစ်ညမ်းတဲ့အပြုအမူ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အောင်စိုးမင်းဆိုင်းက သရုပ်ပျက် ကပြဖျော်ဖြေခဲ့တဲ့ ဆိုင်းဆရာ၊ လူရွှင်တော်၊ ပါဝင်ကပြဖျော်ဖြေတဲ့ အမျိုးသားနှစ်ဦးနဲ့ အသက်(၁၆)နှစ်အရွယ် အမျိုးသမီးငယ်တို့ကို ဖမ်းဆီးထားပြီး တောင်ညိုနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၂၉၅-ကနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။




