ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါနဲ့မိုင်းရယ်မြို့နယ်တွေအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှု ပြုလုပ် ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါ တယ်။

သီပေါမြို့နယ်၊ နမ့်လန်ဒေသအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့တွေ ပါဝင်တဲ့ စစ်ကြောင်း ဟာ ဇန်နဝါရီ ၈ ရက်၊ ညပိုင်းက နားလင်းရွာရဲ့ အနောက်မြောက်ဘက် မီတာ(၁၀၀၀၀)အကွာကို အရောက်မှာ အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ အဲဒီနေရာက ယာယီမိုးကာတဲ ၅ လုံး၊ ပစ်ကျင်း တွေ၊ ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ မောင်းတံပါ ဂိတ်ကင်းတစ်ခုကို တွေ့ရှိသိမ်းပိုက် ရရှိခဲ့ပါတယ်။တပ်မတော်စစ်ကြောင်းက ဆုတ်ခွာထွက်ပြေးသွားခဲ့တဲ့ သောင်းကျန်းသူတွေကို လိုက်လံရှင်းလင်းခဲ့ရာ ဇန်နဝါရီ ၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲလောက်မှာ သီပေါမြို့နယ်၊ နားလင်းရွာရဲ့ အနောက်မြောက်ဘက် မီတာ(၉၀၀၀) လောက်မှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ သွပ်မိုးသွပ်ကာ လူနေ ၂ လုံးထဲကနေ Laptop ကွန်ပျူတာ ၁၈ လုံး၊ Desktop ကွန်ပျူတာ ၃၅ လုံး၊ ဖုန်းမျိုးစုံ ၁၁ လုံး၊ Star Link ၅ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၉ ရက်၊ ညနေပိုင်းမှာ နားလင်းရွာရဲ့ အရှေ့ဘက် မီတာ ၈၀၀ အကွာ အရောက်မှာ မူးယစ် ဆေးဝါးချက်လုပ်တဲ့ နေရာတစ်ခုကို တွေ့ရှိရှင်းလင်းခဲ့ရာ ကွန်ပျူတာ ၁၁ လုံး နဲ့ Star Link ၃ လုံး အပါအဝင် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်။အဲဒီဖြစ်စဉ်တွေအရ လေကြောင်းကင်းထောက်တာနဲ့ မြေပြင်သတင်းဖော်ထုတ်တာတွေကို ဆက်လက်ဆောင် ရွက်ခဲ့ရာ မိုင်းရယ်မြို့နယ်အတွင်းက မသင်္ကာဖွယ် နေရာ ၃ ခုကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး အဲဒီနေရာတွေကနေ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ အဆောက်အအုံတွေနဲ့ မူးယစ်ဆေးမှုန့်တွေလို့ ယူဆရတဲ့ အဖြူမှုန့်တွေ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ SSA အဖွဲ့က ပါဝင်ပတ် သက်နေသူတွေ အပါအဝင် ကျူးလွန်သူ ၆ ယောက်ကို SSA တံဆိပ်ပါ ယူနီဖောင်းနဲ့ တံဆိပ် တွေ အပါအဝင် အခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကာ ကျန်ရှိတဲ့ ပစ္စည်းတွေကိုလည်း ဆက်လက် စိစစ်ဖော်ထုတ်ဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ပညာရှင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ပဏာမ စစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ရာ ဘိန်းဖြူနဲ့ မက်သ်အဖက်တမင်းတွေ ထုတ်လုပ်နေတာဖြစ်ကြောင်း ကနဦး ဖော်ထုတ်တွေ့ရှိရပြီး အသေးစိတ် ဆက်လက်စစ်ဆေးကာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ပါဝင်ပတ်သက် သူတွေကို စနစ်တကျ စိစစ်ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးတွေ တားဆီးနှိမ်နင်းရေးအတွက် အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ခံယူပြီး နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် တရားမဝင် ရောင်းဝယ်မှုများ တားဆီး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။




