ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ် ဆွေးနွေးအကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောပါတယ်။ဇန်နဝါရီ(၁၁)ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ မေခခန်းမမှာ ကျင်းပပြုလုပ်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေ၊ တိုင်းရင်း သား စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ ၊စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အသင်းအဖွဲ့တွေ၊ ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းတွေနဲ့ကုန်ကြမ်းကနေ ကုန်ချောအထိ ထုတ်လုပ်နိုင်ဖို့အတွက် လျှပ်စစ်မီးက အဓိက လိုအပ်ချက်ဖြစ်ပြီး ကမ္ဘာပေါ်မှာ လျှပ်စစ်ဓာတ်အားကို ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအား၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေက ထုတ်လုပ်ကြတာဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဟာ ကုန်ကျစရိတ် အသက်အသာဆုံးဖြစ်ပြီး ကချင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ မေခ၊ မလိခ မြစ်နှစ်ခုကနေ ပေါင်းစည်းပေးတဲ့ ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ် ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောပါတယ်။

ဒါ့အပြင် မြစ်ဆုံစီမံကိန်းအောင်မြင်ရင် ကချင်ပြည်နယ်နဲ့ နိုင်ငံတော်ရဲ့ အကျိုးပြုစေမဲ့ ကုန်ထုတ်စွမ်းအား ပိုမို တိုးတက်စေမဲ့ လျှပ်စစ်ဓာတ်အားတွေရရှိပြီး နောင်လာနောက်သားတွေ အကျိုးများစွာ ခံစားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။အဲဒီတွေ့ဆုံပွဲမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းကလည်း မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ရေကြီးရေလျှံမှုတွေ ထိန်းသိမ်း ဆောင်ရွက်နိုင်မှု၊ ဧရာ၀တီမြစ်အတွင်း စီးဝင်တဲ့ မြစ်လက်တက်တွေကြောင့် ဧရာ၀တီမြစ်ရေ ပုံမှန်အတိုင်း ဆက်လက်စီးဆင်းနိုင်မှု၊ မြစ်ကြောင်းတစ်လျှောက် ရေယာဉ်တွေ ပုံမှန်ခုတ်မောင်းသွားလာနိုင်မှု၊ ပြည်နယ်အတွင်းနဲ့ နိုင်ငံအတွက် လျှပ်စစ် ဓာတ်အား လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု၊ ဒေသခံ ပြည်သူလူထု စိုးရိမ်မှုတွေ မရှိစေရေးအတွက် နည်း ပညာဆိုင်ရာ အဖွဲ့အစည်းတွေ စနစ်တကျဖွဲ့စည်းဆောင်ရွက်သွားမဲ့ အခြေအနေတွေကို အသေးစိတ် ရှင်းလင်း ဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။




