ရန်ကုန်ဓာတ်အားစနစ်အတွင်းမှာဝန်အားနိုင်နင်းစွာ ပြန်လည်ဓာတ်အားဖြန့်ဖြူးလာနိုင်တဲ့အတွက် ဖေဖော် ဝါရီ၂ရက် ညနေ၄နာရီကစပြီး အများပြည်သူအုပ်စု၂စုကို အပြည့်အဝဓာတ်အားဖြန့်ဖြူးပေးနေတယ်လို့ ရန်ကုန်လျှပ်စစ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ၂ရက် မနက်၉နာရီကနေ နေ့လယ်၁နာရီအထိနဲ့ နေ့လယ်၁နာရီကနေ ညနေ၄နာရီအထိ ရာသီဥတုအခြေအနေနဲ့ ရန်ကုန်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေတွေအရ အများပြည်သူအုပ်စု၂စုကို အရေးပေါ်ညတစ်လှည့်စီ ဝန်အားလျှော့ချဖြန့်ဖြူးခဲ့ရတယ်လို့ ဆိုပါတယ်။ညနေ၄နာရီကစပြီး ရန်ကုန်ဓာတ်အားစနစ်အတွင်းမှာဝန်အားနိုင်နင်းစွာ ပြန်လည်ဓာတ်အားဖြန့်ဖြူးလာနိုင်တဲ့အတွက် အများပြည်သူအုပ်စု၂စုကို အပြည့်အဝဓာတ်အားဖြန့်ဖြူးပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံစီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တဲ့အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်ကစလို့ အဲဒီစက်ရုံကထွက်တဲ့ ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် အခုအခါ တစ်ရက်ကို စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ် (၆၀၀၀၀ မဂ္ဂါဝပ်နာရီအထိ) ထုတ်လုပ်ရရှိနေပြီဖြစ်တဲ့အတွက် တတ်နိုင်သမျှ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးပေးတာကို ဆောင်ရွက်နေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းက ဇန်နဝါရီ ၃၁ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးချုပ်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။




