မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေး ပို့ကုန်တင်ပို့မှုက ရရှိငွေဟာ ဘယ်လာရုစ်နိုင်ငံရဲ့ ထက်ဝက်လောက်သာ ရှိတဲ့အ တွက် ခေတ်မီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်ဖို့ လိုတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇူလိုင် ၂ ရက်က ပြုလုပ်တဲ့ နိုင်ငံတော် စီးပွားတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။ဘယ်လာရုစ်နိုင်ငံရဲ့ GDP ဟာ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၁ ဘီလီယံရှိပြီး စိုက်ပျိုးမွေးမြူရေး ပို့ကုန်တွေကနေ ရရှိမှုက အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံကနေ ၈ ဒသမ ၂ ဘီလီယံအထိရှိကာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမွေး မြူရေး ပို့ကုန်တွေကနေ ရရှိမှုကတော့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံလောက်သာ ရှိတယ်လို့ ဗိုလ်ချုပ် မှူးကြီး မင်းအောင် လှိုင်က ပြောပါတယ်။မိမိတို့နိုင်ငံနဲ့ နှိုင်းယှဉ်ရင် မိမိတို့နိုင်ငံထက် ဧရိယာအကျယ်အဝန်းအရ သေးငယ်တာနဲ့ လူနေထိုင်မှုအရ နည်းပါး တာဖြစ်ပေမယ့် GDP မှာ ပိုမိုမြင့်မားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ ခေတ်မီတဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို ဆောင်ရွက်ပြီး ထုတ်ကုန်တွေကို ထုတ်လုပ် ကာ ပြည်ပကို တင်ပို့နိုင်မှု ပိုမိုများပြားတာကို လေ့လာတွေ့ရှိရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ကမ္ဘာပေါ်မှာ အဆင့်မီ လယ်ထွန်စက်ပစ္စည်းတွေ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်း သိရှိခဲ့ရပြီး မွေးမြူ ရေးနဲ့ ပတ်သက်ပြီးလည်း ခေတ်မီစက်ကိရိယာတွေနဲ့ နို့ထွက်ပစ္စည်းထုတ်လုပ်ကာ ပြည်ပတင်ပို့နေတာတွေကို လေ့လာသိရှိခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။




