ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးအတွင်းက သတ်မှတ်ကာလ ၄ နှစ်ကျော် လွန်ပြီး လုံးဝဖော်ထုတ်လုပ်ကိုင်မှုမရှိတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို ပြန်လည်သိမ်းဆည်းလိုက်တယ် လို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ခွင့်ပြုခဲ့ပြီး သတ်မှတ်ကာလ(၄)နှစ်အတွင်း ခွင့်ပြုဧရိယာကို ဖော်ထုတ်လုပ်ကိုင်ခြင်း၊ စိုက်ပျိုးခြင်းမရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ၈၇၆ ဒသမ ၁၆ ဧက၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းက ၂၃၇၇ ဒသမ ၅၃ ဧကနဲ့ မကွေးတိုင်းဒေသကြီးအတွင်းက ၃၃၅ ဧက တို့ကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်က လုပ်ပိုင်အသုံးပြုခွင့် ပြန်လည်ရုပ်သိမ်းလိုက် တာ ဖြစ်ပါတယ်။

ပြန်လည်သိမ်းဆည်းရာမှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂ (က) (၃)နဲ့ နည်းဥပဒေ ၅၇ (ခ) တို့အရ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ခွင့်ပြုမိန့်ရရှိထားသူတွေက ပေးသွင်းထားတဲ့ အာမခံကြေးတွေကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။ဒါ့အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဖော်ထုတ်လုပ်ကိုင်ခြင်းမရှိတဲ့ မြေဧရိယာတွေကို ဆက်လက်စိစစ်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မှာဖြစ်တယ်လို့ သိရပါတယ်။



