မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း နေပြည်တော်မှာ ကျင်းပမဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို နေပြည်တော်ရင်ပြင်မှာ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်တယ်လို့ နေပြည်တော်ကောင်စီကနေ သိရပါတယ်။

အခုနှစ် ကျင်းပမဲ့ လမ်းလျှောက်သင်္ကြန်ဟာ အစိုးရသစ်ရဲ့ ပထမဦးဆုံး နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ သာမန်ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပိုတဲ့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ အတူတကွ ပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်အဖြစ် ဆင်နွှဲကြမှာ ဖြစ်တယ် လို့ ဆိုပါတယ်။နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော်မှာ ပြည်သူတွေ ပျော်ရွှင်စွာ ပါဝင်နိုင်ဖို့အတွက် သင်္ကြန်မဏ္ဍပ်ဇုန်တွေ၊ ဖျော်ဖြေရေးဇုန်တွေနဲ့ သနပ်ခါးသင်္ကြန်ဇုန်အပြင် လက်ဖက်နဲ့ ရိုးရာထမနဲထိုး တည်ခင်းဧည့်ခံတဲ့ ပြကွက်တွေကို လည်း ဇုန်တွေအလိုက် ထည့်သွင်းပြီး ခမ်းခမ်းနားနား ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအပြင် နိုင်ငံကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေအပြင် ရိုးရာအတာသင်္ကြန်ကို ပေါ်လွင်စေတဲ့ အစီအစဉ်ကောင်း များစွာလည်း ပါဝင်မှာဖြစ်ကာ ဝန်ကြီးဌာနအဖွဲ့အစည်းတွေကလည်း လမ်းလျှောက်သင်္ကြန်မှာ ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာလည်း အလားတူ လမ်းလျှောက်သင်္ကြန်ပွဲတော် ကို ကျင်းပမှာဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။ အနုပညာတွေ သွားလာရေးအတွက်လည်း သီးခြားရထားလက်မှတ်တွေကို စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။




