ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့)နဲ့ ဒီဇင်ဘာ ၂၇ ရက်ကြား ဒီဇင်ဘာ ၂၆ ရက်(သောကြာ)နေ့ကို တစ်ဆက်တည်းရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ကာ ဇန်နဝါရီ ၃ ရက်(စနေနေ့)ကို အစားထိုးရုံးတက်ရက် အဖြစ် သတ်မှတ်ခဲ့ရာကနေ အဲဒီအစားထိုးရုံးတက်ရက်ကို ဇန်နဝါရီ ၁၀ ရက်ကို ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၃ ရက်(စနေနေ့)ဟာ နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်တွေနဲ့ လွတ်လပ်ရေးနေ့ပိတ်ရက်ကြားက ကြားရက်ဖြစ်နေပြီး နှစ်သစ်ကူးကာလရုံးပိတ်ရက်နဲ့ တစ်ဆက်တည်းဖြစ်နေတာ၊ လွတ်လပ်ရေးနေ့အကြို ကာလ ဖြစ်နေတာကြောင့် စနေအစားထိုးရုံးတက်ကို အခုလို ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ အများပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်းတွေ ခရီးသွားလာမှုလွယ်ကူစေဖို့၊ ရက်ရှည်အနားယူ အပန်းဖြေနိုင်ဖို့အတွက် ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နဲ့ အများပြည်သူအလုပ် ပိတ်ရက်တွေကြားက ရုံးဖွင့်ရက်တွေကို တစ်ဆက်တည်းရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။




