တပ်မတော်(ရေ) ရေယာဉ်တည်ဆောက်မှု သမိုင်းမှာ အရွယ်အစားအနေနဲ့ အကြီးမားဆုံး ကိုယ်တိုင် တည်ဆောက် ခဲ့တဲ့ ဖရီဂိတ် စစ်ရေယာဉ်ကြီး (သာလွန်မင်း) နဲ့ မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ် ၄ စီးတို့ တပ်တော်ဝင်တဲ့ အခမ်းအနားကို မတ် ၈ ရက်မှာ ရန်ကုန်မြို့၊ ရေတပ်ဆိပ်ခံတံတားမှာ ကျင်းပပြုလုပ်ပါတယ်။အဲဒီ စစ်ရေယာဉ်တွေ တပ်တော်ဝင်တဲ့ အခမ်းအနားကို နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ကော်မရှင် အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နဲ့ တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည် တော်တွေ တက်ရောက်ပါတယ်။

အဲဒီနောက် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းက စစ်ရေယာဉ်တွေ တပ်တော်ဝင်အခမ်းအနားနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီးနောက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်တွေကို ဂါရဝပြု ပေးအပ်ပါတယ်။အဲဒီနောက်မှာတော့ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးက တပ်တော်ဝင် စစ်ရေယာဉ် တွေအဖြစ် ကြေညာတာ၊ နိုင်ငံတော်အလံလွှင့်တင်တာ ၊ တပ်မတော်(ရေ) အလံလွှင့်တင်တာ၊ တပ်တော်ဝင် အလံ လွှင့်တင်တာ၊ ခေါင်းလောင်း ၈ ချက် တီးတာ နဲ့ တပ်တော်ဝင် လုပ်ငန်းစဉ်တွေကို အစီအစဉ် အတိုင်းဆောင်ရွက်ခဲ့ ပါတယ်။

ဒီနောက်မှာတော့ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ အဖွဲ့ဝင်တွေဟာ တပ်တော်ဝင် စစ်ရေယာဉ်တွေ ဖြစ်တဲ့ ဖရီဂိတ် စစ်ရေယာဉ်ကြီး (သာလွန်မင်း) နဲ့ မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ် ၄ စီးတို့ကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူတွေက လိုက်လံ ရှင်းလင်း ပြသ ပါတယ်။ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ အလေးပြုခံ စင်မြင့်က နေပြီး ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုခြင်းကို ခံယူပြီး စစ်ရေယာဉ် (ရန်တိုင်း အောင်) နဲ့ စစ်ရေယာဉ် (ရန်ကြီးအောင်) တို့က အမြောက် ၂၁ ချက် ပစ်ဖောက်ကာ ဂုဏ်ပြုအလေးပြုခဲ့ကြပါတယ်။အခုလို စစ်ရေယာဉ်တွေကို ကိုယ်တိုင်တည်ဆောက်တပ်တော်ဝင်နိုင်ခဲ့တာကြောင့် တပ်မတော်ရဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။




