မြန်မာနိုင်ငံမှာ စွမ်းဆောင်ရည်အရ နဲ့ အရွယ်အစားအရ အကြီးမားဆုံး ဖြစ်လာမဲ့ ရေတပ်သင်္ဘောကျင်း ဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲကို မတ် ၈ ရက်က သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေး အလုပ်ရုံ နဲ့ ရေတပ်ဆိပ်ခံတံတားမှာ ကျင်းပပြီး နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပါတယ်။

အဲဒီအခမ်းအနားကို နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင်၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးတွေ၊ ရေတပ်စခန်းဌာနချုပ်မှူးတွေ၊ တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ကြီး တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဦးစွာ ရေတပ်သင်္ဘောကျင်း ဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံ လွန်းကျင်းကို တာဝန်ရှိသူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်ကို စက်ခလုပ် နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်တွေနဲ့ ပက်ဖျန်းပေးခဲ့ကြတယ်လို့ သိရပါတယ်။ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာမှာ မိမိတို့ နိုင်ငံရဲ့ ရေကြောင်း အကျိုး စီးပွားတွေဟာ ပိုင်နက်ပင်လယ်အတွင်း သာမကဘဲ သီးသန့် စီးပွားရေးဇုန်ဖြစ်တဲ့ ကမ်းလွန်ပင်လယ်ပြင်ထိ ကျယ် ပြန့်စွာ တည်ရှိနေသလို မြန်မာ့ပင်လယ်ပြင်ကလည်း ကမ္ဘာ့ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးတွေ ဖြတ်သန်းသွား လာနေတဲ့ အဓိက ရေလမ်းကြောင်းတွေအနက် တစ်ခုအပါအဝင် ဖြစ်တာ ကမ္ဘာ့ကုန်သွယ်ရေယာဉ်ကြီးတွေ ဝင် ထွက် ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းကောင်းတွေ နဲ့ ရေနက်ဆိပ်ကမ်းတွေ ရှိတာတွေကြောင့် နိုင်ငံတော်ရဲ့ ရေကြောင်း အကျိုးစီးပွားအတွက် အလွန်အရေးပါတာကို မြင်တွေ့ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် ရေကြောင်းအကျိုးစီးပွားတွေဖြစ်တဲ့ ပင်လယ်ပြင်ကနေ စွမ်းအင်အကျိုးစီးပွားတွေ၊ ငါးသယံဇာတတွေ၊ ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်းကြီးတွေ၊ ရေကြောင်းကုန်သွယ်မှုတွေနဲ့ ရေနက်ဆိပ်ကမ်းကြီးတွေကို အမျိုးသား အကျိုးစီးပွားအတွက် ထိရောက်စွာ အသုံးချနိုင်စေဖို့ စွမ်းရည်ထက်မြက်ပြီး အင်အားတောင့်တင်းတဲ့ ရေ တပ်ထူထောင်ထားရှိဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ရေလုံလွန်းကျင်းကြီးဟာ နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်တဲ့အတွက် ရေလုံလွန်းကျင်းနဲ့ ရေလုံလွန်းကျင်းမှာ ပါတဲ့ စက်ပစ္စည်းကိရိယာတွေကို သက်တမ်းပြည့် စွမ်းအားပြည့် စနစ်တကျ အသုံးပြုနိုင်ဖို့ ဆောင်ရွက်သွားကြဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့အတူ အခမ်းအနား တက်ရောက်လာကြသူတွေတွေက ရေလုံလွန်းကျင်း တည်ဆောက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုခဲ့ကြပြီး ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ရေလုံလွန်းကျင်း တည်ဆောက်ရေး တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီဥက္ကဋ္ဌက ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူးထံ စာရွက်စာတမ်းတွေ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ် ရေးဦးစီးချုပ်(ရေ)က ရေလုံလွန်းကျင်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြု ပေးအပ်ခဲ့တယ်လို့ သိရ ပါတယ်။




