တိုက်စစ်မှူး အယ်ဗာရက်ဇ်အတွက် ကလပ်စံချိန်တင်ဈေး ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းမှုကို အက်သလက်တီကို အသင်းဘက်က ပယ်ချလိုက်တယ်လို့ ရီးရဲလ်အသင်း အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရီးရဲလ်အသင်း ဥက္ကဋ္ဌအဖြစ် ၂၀၃၀ ခုနှစ်အထိ ရွေးချယ်ခံခဲ့ရပြီးနောက် ပီရက်ဇ်ဟာ သူကတိပေးထားတဲ့အတိုင်း ယူရို သန်း ၁၅၀ နဲ့ အယ်ဗာရက်ဇ်ကို ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အယ်ဗာရက်ဇ်ကို လက်ရှိအချိန်မှာ ရီးရဲလ်အသင်းရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းက ခေါ်ယူချင်နေသလို အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်း တွေကလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဘက်ကတော့ အယ်ဗာရက်ဇ်နဲ့ ပတ်သက်တဲ့ ဘယ်လိုကမ်းလှမ်းမှုမျိုးမဆို လက်ခံစဉ်းစားသွားမှာမဟုတ်ဘူးလို့ အကြောင်းပြန်ထားပါတယ်။

အင်္ဂါနေ့က အသင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ပြီးနောက် အက်သလက်တီကိုအသင်း တိုက်စစ်မှူး အယ်ဗာရက်ဇ်အတွက် ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး အက်သလက်တီကိုအသင်းဘက်က ပယ်ချ ခဲ့ပါတယ်လို့ ရီးရဲလ်အသင်း ထုတ်ပြန်ချက်မှာရေးထားပါတယ်။ အယ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး စာချုပ်ဖျက်ကြေး ယူရို သန်း ၅၀၀ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကလည်း တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့နေရာအတွက် အယ်ဗာရက်ဇ်ကို ခေါ်ယူဖို့ကြိုးစား နေတာဖြစ်ပါတယ်။




