တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇွန်လ ၁၀ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်မှာ ကျင်းပပါတယ်။ ပြည်သူ့လွှတ်တော်အစည်းအဝေး ပဉ္စမနေ့မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆ ယောက်က ကြယ်ပွင့်ပြ မေးခွန်း ၆ ခု မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်တွေက လာရောက် ရှင်းလင်းဖြေကြားခဲ့ပါတယ်။

အဲဒီအပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့်ငြိမ်းချမ်းရေးကော်မတီမှာ ပါဝင်မဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအမည်စာရင်း၊ ကော်မတီရဲ့တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနဲ့ ကော်မတီအစည်းအဝေးတွေနဲ့ ပတ်သက်ပြီး ကြေညာခဲ့သလို လွှတ်တော်ရဲ့ အတည်ပြုချက်ရယူတာနဲ့ ကော်မတီဖွဲ့စည်းကြောင်း ကြေညာတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် အခုအစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ရဲ့ တောင်သူလယ်သမားရေးရာ ကော်မတီ၊ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီ၊ ပညာရေး မြှင့်တင်မှုကော်မတီ၊ ပြည်တွင်း/ ပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီတွေ ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့လည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။




