၄ နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်ယှဉ်ပြိုင်တဲ့ တင်းနစ်ပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံက လာမယ့် ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် မဆုံးဖြတ်ရသေးဘူးလို့ ဖွင့်ဟလိုက်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဆီရီနာဝီလျံဟာ အင်္ဂါနေ့က WTA တိုးပွဲစဉ်တစ်ခုဖြစ်တဲ့ ကွင်းစ်ကလပ်ပြိုင်ပွဲရဲ့ အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်မှာ ကနေဒါဆယ်ကျော်သက် အမ်ဘိုကိုနဲ့အတူ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၁၆ ဦးအဆင့်ပွဲစဉ်မှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။အခုပွဲစဉ်က ၂၀၂၂ ခုနှစ်မှာ တင်းနစ်အားကစားက အနားယူခဲ့တဲ့ ဆီရီနာဝီလျံအတွက် ၄ နှစ်တာကာလအတွင်း ပထမဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။ အခုပွဲစဉ်မှာ ဆီရီနာဝီလျံက အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဆိုတာကို ပြသသွားခဲ့တာဖြစ်ပြီး ချန်ပီယံ ၇ ကြိမ်ဖြစ်ခဲ့ဖူးတဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် အလားအလာတွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။

တစ်ဦးချင်းပွဲစဉ်တွေကို ဘယ်တော့လောက်ယှဉ်ပြိုင်ဖို့ စဉ်းစားထားသလဲဆိုတဲ့ မေးခွန်းကို ဆီရီနာဝီလျံက စဉ်းစားဖို့အချိန်အနည်းငယ် လိုအပ်ပါသေးတယ်လို့ ပြန်ဖြေသွားခဲ့တာပါ။ သူမအနေနဲ့ အချိန်ကာလအတန်ကြာဝေးကွာနေခဲ့တဲ့ တင်းနစ် ပွဲတွေကို ပြန်ကစားဖို့အတွက် အနည်းငယ် စိတ်လှုပ်ရှားမှုရှိနေခဲ့ပေမယ့် ပွဲချိန်အတွင်းမှာတော့ အကောင်းဆုံး ကစားနိုင်ခဲ့တယ် ထင်ပါတယ်လို့လည်း ဆီရီနာဝီလျံက ပြောသွားပါတယ်။




