နေပြည်တော်ကို အလုပ်သဘောခရီးလာရောက်တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတို ဆရီ အူတာမာ ဟာဂျီ မိုဟာမက် ဘင်ဟာဂျီ ဟာဆန်ဟာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနဲ့ အောက်တိုဘာ ၉ ရက်၊ မွန်းလွဲပိုင်းက နေ ပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု အပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ NCA စာချုပ်ပါ သဘောတူညီချက်တွေနဲ့အညီ ဆောင် ရွက်နေမှု အခြေအနေတွေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးပါတယ်။ဆက်လက်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုအရှိန်မြှင့်တင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အာဆီယံနဲ့ နိုင်ငံတကာ မျက်နှာစာမှာ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ့် ကိစ္စရပ် တွေကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နဲ့ တာဝန်ရှိ သူတွေ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။




