သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခေါ်ယူမေးမြန်းမှုကိုခံရတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ဇန်နဝါရီ၁၄ရက် ညပိုင်းမှာ နေအိမ်ကိုပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးစောဟန်အေးက One Newsကို ပြောပါတယ်။

“အိမ်ပြန်ရောက်ပါပြီဗျ။ ခေါ်ယူစုံစမ်းမေးမြန်းတဲ့သဘောပါပဲ။ မနေ့ကညနေပိုင်းလောက်က ခေါ်ယူမေးမြန်းတာပါ။ အခုဒီနေ့ ည၇နာရီခွဲ ၈နာရီလောက်ကအိမ်ပြန်ရောက်ပါတယ်” လို့ ဦးစောဟန်အေးက ပြောပါတယ်။ဒေါက်တာသက်သက်ခိုင်ကို ဘာအကြောင်းကိစ္စနဲ့ခေါ်ယူမေးမြန်းတယ်ဆိုတာကတော့ အသေးစိတ်မပြောနိုင်သေးဘူးလို့ဆိုပါတယ်။ဒေါက်တာသက်သက်ခိုင်ကို ခေါ်ယူမေးမြန်းတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေအမျိုးမျိုးပြန့်နှံ့နေပါတယ်။




