အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကာကွယ်ရေးနဲ့ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းတွေကို ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းနဲ့အညီ ဆောင်ရွက်လျက်ရှိပြီး အေအာတီသောက်သုံးနေတဲ့လူနာတွေအတွက် ဆေးဝါးတွေပြတ်လပ်ခြင်း မရှိအောင် ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစည်သူအောင်ကပြောပါတယ်။

ဒီဇင်ဘာ(၁၀)ရက်က နေပြည်တော်၊ Amara Hotel မှာပြုလုပ်တဲ့(၂၀၂၃)၊ (၂၀၂၄)နဲ့ (၂၀၂၅)ခုနှစ်၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာအခုလိုပြောကြားခဲ့တာပါ။
ကျန်းမာရေးဝန်ကြီးဌာနဟာ မိတ်ဖက်အဖွဲ့အစည်းတွေ၊ အိပ်ချ်အိုင်ဗွီပိုးရှိနေထိုင်သူများကွန်ယက်၊ ဦးတည်အုပ်စုဝင်ကွန်ယက်များနှင့် ပြည်သူလူထုအခြေပြုအဖွဲ့တွေနဲ့ပူးပေါင်းပြီး အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကာကွယ်ရေးနဲ့ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းတွေကို ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းနဲ့အညီ ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

အေအာတီဆေးကုသမှုမှာပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူထုအခြေပြုကွန်ယက်တွေနဲ့ ဆေးကုသမှုခံယူနေတဲ့ လူနာတွေအားလုံးကို အထူးကျေးဇူး တင်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အဲဒီဆန်းစစ်ဆွေးနွေးပွဲကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတွေ၊ ညွှန်ကြားရေးမှူးတွေ၊ ဆေးရုံ အုပ်ကြီးတွေ၊ ပါမောက္ခ/ဌာနမှူးတွေ၊အထူးကုဆရာဝန်ကြီးတွေ၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဌာနစိတ်နဲ့ တိုင်းဒေသကြီး/ပြည်နယ် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး ဌာနတွေက တာဝန်ရှိသူတွေ၊ မူးယစ်ဆေးစွဲကုနှင့်သုတေသနဌာနနှင့်အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတို့က တာဝန်ရှိသူတွေ၊ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတွေ၊ UNOPS၊ WHO၊ UNAIDS အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတာပါ။

အဲဒီဆန်းစစ်ဆွေးနွေးပွဲကို ဒီဇင်ဘာ(၁၀)ရက်ကနေ(၁၁)ရက်နေ့အထိ (၂)ရက်တာကျင်းပနေတာဖြစ်ပါတယ်။




