သူခိုးတွေဟာ ခရစ္စမတ်ကာလကို တိတ်ဆိတ်ငြိမ်သက်စွာ အသုံးချကာ ဂျာမန်လက်လီဘဏ်တစ်ခုရဲ့ ငွေတိုက် ထဲကို ဖောက်ထွင်းဝင်ရောက်ကာ အနည်းဆုံး ယူရို ၁၀ သန်းတန်ဖိုးရှိတဲ့ ငွေသားတွေကို ဒီဇင်ဘာ ၃၀ ရက်က ဖောက်ထွင်းယူခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖောက်သည်တွေရဲ့ ငွေသွင်းသေတ္တာ တွေထဲက အဖိုးတန်ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်လို့ ဂျာမန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြစ်မှုကျူးလွန် သူတွေဟာ အနောက်ပိုင်း Gelsenkirchen ရှိ Sparkasse ဘဏ်ခွဲတစ်ခုရဲ့ ထူထဲတဲ့ ကွန်ကရစ်နံရံကို ဖောက် ထွင်းဝင်ရောက်ကာ ခန့်မှန်းခြေအားဖြင့် ယူရိုသန်းပေါင်းများစွာ ခိုးယူသွားကြောင်းကိုလည်း ရဲတပ်ဖွဲ့က ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံရှိ ဆိုင်တွေနဲ့ ဘဏ်အများစုဟာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်း ကစပြီး ခရစ္စမတ်ကာလအတွင်း ပိတ်သိမ်းလေ့ရှိတာကို အသုံးချကာ အခုလို ခိုးယူဖောက်ထွင်းခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။




