အစိုးရလုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းရပ်တန့်မှုကို အဆုံးသတ်ဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု မအောင်မမြင်ဖြစ် ပြီးနောက် အမေရိကန် နျူကလီးယားလက်နက်များထိန်းသိမ်းရေးကို တာဝန်ယူနေတဲ့အဖွဲ့က ဝန်ထမ်းအများစုကို မယူမနေရအဖြစ် ခွင့်ယူဖို့ အောက်တိုဘာ ၂၀ ရက်ကစပြီး ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

လိပ်ခဲတည်းလည်းဖြစ်မှုက စတုတ္ထသီတင်းပတ်ကို ရောက်ရှိလာတာနဲ့အတူ အမျိုးသားနျူကလီးယားလုံခြုံရေး စီမံကွပ်ကဲမှုအဖွဲ့(NNSA)က အလုပ်သမား ၁၄၀၀ ခန့်ကို လစာမဲ့နဲ့ အလုပ်ကနေ ယာယီရပ်ဆိုင်းဖို့ စီစဉ်နေတာပါ။ ဒီမိုကရက်တွေက အစိုးရလုပ်ငန်းအချို့ကို ယာယီရပ်ဆိုင်းဖို့ ဆောင်ရွက်တာကြောင့် NNSA ရဲ့ဖက်ဒရယ် ဝန်ထမ်း ၁၄၀၀ ခန့်ကို အောက်တိုဘာ ၂၀ ရက်ကစပြီး အလုပ်ယာယီရပ်ဆိုင်းမှာဖြစ်ပြီး NNSA ရဲ့ဖက်ဒရယ်ဝန်ထမ်း ၄၀၀ ခန့်က ဆက်လက်တာဝန်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောပါတယ်။ကန်ထရိုက်တာ ၆၀,၀၀၀ ကို တာဝန်ယူကြီးကြပ်နေတဲ့ NNSA ဟာ လက်နက်ဒီဇိုင်းထုတ်တာ၊ လက်နက် ထုတ် လုပ်တာ၊ ဝန်ဆောင်မှုပေးတာနဲ့ လုံခြုံမှုပေးတာ စတာတွေကို တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။




