ဂျပန်နိုင်ငံတောင်ပိုင်းက ကမ်းရိုးတန်းမြို့တစ်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်က အဆောက်အအုံ ၁၇၀ ကျော် မီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်ညလုံး လောင်ကျွမ်းနေတာကြောင့် အပြည့်အဝ မငြှိမ်းသတ်နိုင်သေးကြောင်း အမျိုးသားမီးသတ်အေဂျင်စီက ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

တိုကျိုမြို့ အနောက်တောင်ဘက် ၄၇၈ မိုင်အကွာရှိ အိုအီတာမြို့ ဆာဂါနိုဆီကီခရိုင်မှာ အင်္ဂါနေ့ ညနေ ၅ နာရီ မိနစ် ၄၀ အချိန်လောက်မှာ မီးစလောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဆိုးရွားတဲ့ မီးလောင်မှုကြောင့် အရေးပေါ်ခိုလှုံရာနေရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ တိုကျိုမြို့ မီးသတ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေစဉ်မှာလည်း လူတစ်ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

မီးတောက်တွေက အနီးအနားရှိ သစ်တောတောင်စောင်းတွေဆီထိ ပျံ့နှံ့သွားတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။ အိုအီတာစီရင်စု အုပ်ချုပ်ရေးမှူးရဲ့ တောင်းဆိုချက်အရ စစ်ဘက်ဆိုင်ရာ မီးသတ်ရဟတ်ယာဉ် တစ်စင်းကို စေလွှတ်ခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချီက X ပလက်ဖောင်းမှာ ပြောကြားထားပါတယ်။




