လိုင်စင်မရှိဘဲ ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရရင် အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်ရမဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင် တယ်လို့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ပုဒ်မ ၃၁ မှာ ဖြည့်စွက်ပြဋ္ဌာန်းလိုက် ပါတယ်။ ဒီဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြဋ္ဌာန်းလိုက်တာပါ။

မူလဥပဒေရဲ့ ပုဒ်မ ၃၁ မှာ လိုင်စင်မရှိဘဲ ပုဂ္ဂလိက ဆေးရုံလုပ်ငန်းလုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရ တဲ့သူကို အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်ရမဲ့အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာ ဘယ်သူမဆို ပုဂ္ဂလိကဆေးရုံလုပ်ငန်း ဒါမှမဟုတ် ပုဂ္ဂလိကကုသမှု အထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်း ဒါမှမဟုတ် ပုဂ္ဂလိက ပြင်ပလူနာ ခွဲစိတ်ကုသရေး လုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက အဲဒီသူကို အနည်း ဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်ရမဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြင်ဆင်ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
အခုပြင်ဆင်တဲ့ ဥပဒေမှာ ပုဒ်မ ၂ ၊ ပုဒ်မခွဲ(ဏ)ရဲ့နောက်မှာ ပုဒ်မခွဲ(တ) ပုဂ္ဂလိက ကုသမှု အထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနဲ့ ပုဒ်မခွဲ(ထ) ပုဂ္ဂလိက ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်းဆိုတဲ့ စကားရပ်တွေကို ဖြည့်စွက်ပြဋ္ဌာန်းထားပါတယ်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေမှာပါရှိတဲ့ “အစိုးရအဖွဲ့” ဆိုတဲ့စကားရပ်ကို “ပြည်ထောင်စုအစိုးရ အဖွဲ့” ဆိုတဲ့စကားရပ်၊ “ကျန်းမာရေး ဦးစီးဌာန” ဆိုတဲ့စကားရပ်ကို “ကုသရေး ဦးစီးဌာန”ဆိုတဲ့စကားရပ်၊ “ကြိုတင်ခွင့်ပြုချက်” ဆိုတဲ့စကားရပ်ကို “ကြိုတင်ထောက်ခံချက်” ဆိုတဲ့စကားရပ်၊ “ပြည်နယ်၊တိုင်း” ဆိုတဲ့ စကားရပ်ကို “နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်”ဆိုတဲ့ စကားရပ်နဲ့ အသီးသီး အစားထိုးရမယ်လို့ ပြင်ဆင်တဲ့ဥပဒေမှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃ ကိုလည်း “ဘယ်သူမဆို ပုဂ္ဂလိကဆေးရုံလုပ်ငန်း၊ ပုဂ္ဂလိက ကုသမှု အထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်း၊ ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေး လုပ်ငန်း၊ ပုဂ္ဂလိက သားဖွားခန်းလုပ်ငန်းနှင့် ပုဂ္ဂလိက ဆေးခန်းလုပ်ငန်းတို့မှအပ အခြား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း တစ်ရပ်ရပ်ကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက အဲဒီသူကို အနည်းဆုံး ထောင်ဒဏ် ၃ လကနေ အများဆုံး ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ရမဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်” လို့ ပြင်ဆင်ပြဋ္ဌာန်း လိုက်ပါတယ်။




