ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်မှာ မြန်မာလုပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ pathum thani news အပါအဝင် ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။စက်တင်ဘာ ၂၂ ရက် မနက် ၅ နာရီခွဲလောက်က မြန်မာလုပ်သားတွေ စီးနင်းလာတဲ့ အနက်ရောင် Toyota Innova ယာဉ်တစ်စီးဟာ အရှိန်လွန်ကာ လမ်းလယ်ကျွန်း ကွန်ကရစ်တုံးပေါ် ကျော်တက်ကာ တိမ်းမှောက် သွားတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်မှာ သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရရှိသူတွေအားလုံးဟာ မြန်မာနိုင်ငံသား တွေဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို ပထုံဌာနီဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပါတယ်။အဲဒီသူတွေဟာ ထိုင်းနိုင်ငံထဲကို တရားဝင် လာရောက်သူတွေ ဟုတ်မဟုတ်ဆိုတာကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းပြီး ဥပဒေအရ ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ယာဉ်ပေါ်မှာ ကိုးယောက် လိုက်ပါလာပြီး ယာဉ်မောင်း အမျိုးသားနဲ့ မြန်မာလုပ်သား အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ကာ ကျန် ၇ ယောက်က ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်မေးမှုအရ ယာဉ်မောင်းဟာ မောင်းနှင်လာတဲ့ခရီး ရှည်ကြာတာနဲ့ မီးအလင်းရောင် မရှိတာကြောင့် အိပ်ငိုက်ကာ အခုလို ယာဉ်တိမ်းမှောက်တာဖြစ်တယ်လို့ သိရပါတယ်။ယာဉ်ပေါ်လိုက်ပါလာတဲ့ မြန်မာလုပ်သားတွေကလည်း တရားဝင် ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေ မတွေ့ရှိတဲ့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ် ဖွဲ့က ပြောထားပါတယ်။အခုနှစ်ထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်လာတာနဲ့ လုပ်ငန်းခွင် မတော်တဆဖြစ်ပွားတွေ ကြောင့် သေဆုံးတဲ့ မြန်မာ ၁၉ ယောက် ရှိပြီး ဒဏ်ရာရရှိသူ အယောက် ၇၀ ကျော်အထိ ရှိတယ်လို့ မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA )က သိရပါတယ်။




