မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမဲ့ ကျောင်းသား/ကျောင်းသူတွေကို အွန်လိုင်းက တစ်ဆင့် တက္ကသိုလ် ဆရာ/ဆရာမတွေက ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပို့ချတာကို ၃ ရက်ကြာ သင်ကြားပေးနေ တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ အောင်မြင်သူ များလာရေးနဲ့ ဂုဏ်ထူးရသူ တွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အွန်လိုင်းကတစ်ဆင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပို့ချပေးတာကို တစ်ရက်ကို ၃ ဘာသာနှုန်းနဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၀ ရက်အထိ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ဒီလို ပြုလုပ်ပေးတာဟာ မကြာမီ ကျင်းပတော့မဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးကို အထောက် အကူ ဖြစ်စေမယ်လို့ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးက ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးနိုင်က ပြောပါ တယ်။

ဒီသင်ကြားပို့ချပေးတဲ့အစီအစဉ်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်လမ်းညွှန်မှု မကွေးတက္ကသိုလ်ရဲ့ စီစဉ်ကူညီမှုနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ လာမဲ့ မတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ ဖြေဆိုရမှာဖြစ်ပြီး မကွေး တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမဲ့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၂၀၀၀)ကျော်ရှိကာ စာစစ်ဌာနပေါင်း (၅၂)ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။




