နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့အပ်နှင်းတဲ့ အထူးဘွဲ့နှင်းဘသင်အခမ်းအနားကို ဖေဖော်ဝါရီ၅ရက် မနက်ပိုင်းက ရန်ကုန်တက္ကသိုလ်မှာ ကျင်းပပါတယ်။

အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတောာ်ဝန်ကြီးချုပ် ဦးညိုစောနဲ့ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဇနီး၊ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဇနီးတွေ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ဇနီးတွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်အဆင့်မြင့်အရာရှိကြီးတွေနဲ့ဇနီးတွေ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးတွေ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားတဲ့ နိုင်ငံတကာတက္ကသိုလ်တွေက ပါမောက္ခချုပ်တွေ၊ ဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီး၊ ဆရာမကြီးတွေ၊ ပါမောက္ခတွေ၊ Doctor of Scienceဘွဲ့ရရှိထားတဲ့ တပ်မတော်အရာရှိကြီးတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။

အထူးဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရာမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စွမ်းဆောင်ရည်တွေကို ဖတ်ကြားတင်ပြပါတယ်။
အဲဒီလိုဖတ်ကြားတင်ပြရာမှာ အချုင်းပတဲ့ညအထူးဘွဲ့နှင်းသဘင်အခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းရတာဟာ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျ စီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့တဲ့စွမ်းဆောင်ချက်တွေကြောင့်ဖြစ်တယ်လို့ ပြောကြားပါတယ်။

နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်တိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးဖိအားပေးမှုတွေ၊ စီးပွားရေးပိတ်ဆို့မှုတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးလုပ်ငန်းတွေ၊ နိုင်ငံတကာအသိုက်အဝန်းတွေနဲ့ လိုက်လျောညီထွေရှိနိုင်မဲ့ ပြုပြင်ပြောင်းလဲမှုတွေ စတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရသလို ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။
စိန်ခေါ်မှုတွေကြားက ပြည်သူတွေ အထူးလိုလားတောင့်တမျှော်လင့်နေတဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့တာဟာ မြန်မာ့နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ နိုင်ငံတော်အကြီးအကဲရဲ့ ဆောင်ရွက်ချက်သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်လို့ ဖတ်ကြားပါတယ်။
ဒါ့အပြင် စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လုံခြုံရေးနဲ့ကာကွယ်ရေးကဏ္ဍ၊ ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကဏ္ဍတွေမှာ နိုင်ငံတော်အကြီးအကဲရဲ့ ဆေစွမ်းဆောင်ရည်တွေကို ရှင်းလင်းဖတ်ကြားပါတယ်။
ဆက်လက်ပြီး အခမ်းအနားကိုတက်ရောက်လာတဲ့ နိုင်ငံတကာတက္ကသိုလ်တွေက ပါမောက္ခချုပ်တွေနဲ့ တာဝန်ရှိသူတွေက ဂုဏ်ပြုစကားအသီးသီးပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ကို အပ်နှင်းပါတယ်။
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပြီးတဲ့နောက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှတ်တရမိန့်ခွန်းပြောကြားပါတယ်။
ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်းကို မော်ကွန်းတိုက်မှာထိန်းသိမ်းဖို့ ရန်ကုန်တက္ကသိုလ်မော်ကွန်းထိန်းက ကြေညာခဲ့တယ်လို့ သိရပါတယ်။




