၇၉နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ပြည်ထောင်စုအဆင့် MSMEထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ၈ရက်ကနေ ၁၃ရက်အထိ ၆ရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကနေ သိရပါတယ်။

ပြည်ထောင်စုအဆင့် MSMEထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်မှာ ဝန်ကြီးဌာနပြခန်းတွေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် MSMEပြခန်းတွေ၊ တိုင်းရင်းသားရိုးရာအစားအစာရောင်းချတဲ့ဆိုင်ခန်းတွေ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှုတွေ၊ နည်းပညာပြခန်းတွေ၊ လယ်ယာသုံးစက်ပစ္စည်းနဲ့ ထုတ်ကုန်ပြခန်းတွေ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနဲ့ ကုန်ထုတ်သမဝါယမပြခန်းတွေ၊ အသင်းအဖွဲ့ပြခန်းတွေ၊ Solar Farmတွေ၊ SKDဦးစားပေး EVကား/ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ်ပြခန်းတွေ၊ CMPအထည်ချုပ်ပြခန်းတွေအပါအဝင် ပြခန်းပေါင်း၁၂၀ကျော်နဲ့ ပြင်ပကူမ္ပဏီ၂၉ခုတို့ ပါဝင်ပြသရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြပွဲမှာ ဖေဖော်ဝါရီ၈ရက်ကနေ ၁၁ရက်အထိ နိုင်ငံကျော်အဆိုတော်တွေ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါဝင်ပြီး ပျော်ပွဲရွှင်ပွဲတွေလည်း ထည့်သွင်းကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာ ပြပွဲကျင်းပရေးဗဟိုကော်မတီက ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းတာဝန်တွေ စနစ်တကျအချိန်မီပြီးစီးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။




