ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ-၂၀၂၅ မှာ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)၂၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီဆွေးနွေးပွဲကို ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ဆန်၊ ပဲ၊ နှမ်း၊ စိုက်ပျိုးရေးထွက်ကုန်တွေ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနဲ့ပတ်သက်တဲ့ နည်းပညာ လွှဲပြောင်းခြင်းကဏ္ဍ စတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ MoU ၂၄ ခုကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်ပြီး နိုင်ငံ့ GDP ရဲ့ ၂၆ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးမှုဟာ တစ်နိုင်ငံလုံးအတွက်အရေးကြီးတယ်လို့ ဆွေးနွေးပွဲကို တက်ရောက် လာတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင် က ပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ကျင်းပတာဖြစ်ပြီး အစိုးရ-ပုဂ္ဂလိ က အသီးသီးက အဆင့်မြင့်ကိုယ်စားလှယ်တွေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်ရှိ ရင်းနှီးမြှုပ်နှံသူတွေ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေအပြင် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံ တွေက စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။




