လာမယ့် ၂၀၂၈ ခုနှစ်မတိုင်မီ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေသစ် ပြဋ္ဌာန်းနိုင်ရေး အားလုံး ကြိုးစား ဆောင်ရွက်နေတယ် လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောပါတယ်။အောက်တိုဘာ ၇ ရက်က ရန်ကုန်မြို့၊ နိုဗိုတယ်မက်စ် ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း (ဗဟို) ရဲ့ နှစ်ပတ်လည် အထွေထွေအစည်းအဝေး (2025-AGM) နှင့် အသင်းသား စုံညီအစည်းအဝေး အပြီး One News ရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)က ဦးဆောင်ပြီးတော့ အခြား အိမ်ခြံမြေ အသင်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ဥပဒေပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ရေးဆွဲထားတဲ့ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းကို နိုင်ငံ တော်ကို တင်ပြထားကာ ဥပဒေသစ် ထွက်ပေါ်လာမယ်လို့ မျှော်လင့်တယ်လို့လည်း ဒေါ်မို့မို့အောင်က ပြောပါတယ်။ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေပေါ်ထွက်လာမယ်ဆိုရင် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ကိုင်သူတွေအနေနဲ့ လိုင်စင်ရရှိနိုင်မှာ ဖြစ်သလို နိုင်ငံတော်က ချမှတ်တဲ့ စည်းကမ်းတွေ၊ နည်းစနစ်တွေကိုလည်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

လာမယ့် ၂၀၂၆ ခုနှစ်မှာတော့ အာရှ-ပစိဖိတ် အိမ်ခြံမြေ ပွဲကြီးကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မှာ ဖြစ် တယ်လို့လည်း ဒေါ်မို့မို့အောင်က ပြောပါတယ်။ဆက်လက်ပြီး ကမ္ဘာ့အိမ်ခြံမြေ အဖွဲ့ချုပ်မှာ အသင်းဝင်ခွင့် ရရှိရေး ဆောင်ရွက်နေပြီး နည်းပညာတွေ အတတ်ပညာ တွေ စည်းကမ်းတွေ စနစ်တွေကို ရရှိနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု အသင်း (ဗဟို)ကိုတော့ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ အသင်းဝင်အင်အား တစ်သောင်း ခုနစ်ထောင်ကျော် ရှိပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။




