မကွေးမြို့မှာ အခုရာသီဟာ ဇီးသီးပေါ်ချိန်ဖြစ်ပြီး ရာသီစာအနေနဲ့ စားသုံးမှုများသလို ဈေးကောင်းရနေတယ်လို့ ရောင်းချသူတွေရဲ့ ပြောကြားချက်အရသိရပါတယ်။လက်ရှိရောင်းချနေတဲ့ ဇီးသီးအမျိုးအစားတွေကတော့ ဒေသအခေါ်အဝေါ်တွေဖြစ်တဲ့ လေးပင်ကြက်တူရွေး၊ လေးပင်သံချေးတက်၊ စလေဇီးသီးနဲ့ ဇီးကြက်ဥတွေကို အများဆုံးရောင်းချနေကြတာဖြစ်ပြီး လက်ရှိရောင်းချနေတဲ့ ဇီးသီးထဲမှာ လေးပင်ကြက်တူရွေးဇီးသီးက လူကြိုက်များသလို ရောင်းအားအကောင်းဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ဇီးသီးကို မကွေးတိုင်းဒေသကြီးအတွင်းရှိ စလေမြို့နယ်၊ မင်းဘူးမြို့နယ်အတွင်းကကျေးရွာတွေနဲ့ ရွှေစက်တော်ဘုရားကိုသွားတဲ့လမ်းမှာရှိတဲ့ လေးပင်ရွာကနေ မှာယူရောင်းချကြတာဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့နှစ်က ဇီးသီးတစ်ပြည်ကို အမြင့်ဆုံး ငွေကျပ် ၈၀၀၀ ကျော်ရှိခဲ့ပြီး အခုနှစ် ဇီးသီးဈေးနှုန်းကတော့ လေးပင်ကြက်တူရွေးဇီးသီး တစ်ပြည်ကို ၁၂၀၀၀ ကျပ်နဲ့ လေးပင်သံချေးတက်ဇီးသီး တစ်ပြည်ကို ၁၃၀၀၀ ကျပ် လောက်ထိ ဈေးကောင်းရရှိနေတယ်လို့ မကွေးမြို့က ဇီးသီးရောင်းချတဲ့ ဦးအောင်လေးက ပြောပါတယ်။ ဇီးသီးဟာ တစ်နှစ်တစ်ခါသာပေါ်တဲ့ ရာသီစာသီးနှံဖြစ်ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တာကြောင့် ကျန်းမာရေးအတွက်အထောက်အကူပြုဖို့ရည်ရွယ်ပြီး စားသုံးကြတယ်လို့ သိရပါတယ်။




