စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်မှာ နယ်မြေအခြေအနေကောင်းမွန်ရင် ဘုတလင်ဆေးရုံကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြန်လည်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ပြောပါတယ်။

ဇွန်လ၅ရက်က ကျင်းပတဲ့ တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ ဘုတလင်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကျော်သူရဲ့ မေးခွန်းကို လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။ဘုတလင်ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီးနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မလိုလားအပ်တဲ့ အဖွဲ့အစည်းတွေက ခြိမ်းခြောက်တာ၊ ငွေကြေးတောင်းခံတာ၊ ဖမ်းဆီးခေါ်ဆောင်တာ၊ သတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့် ဝန်ထမ်းတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူတွေဆေးကုသခွင့်မရရှိတော့တာဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကျော်သူက မေးခွန်းမေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကျော်သူရဲ့ မေးခွန်းကို လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ပြန်လည်ဖြေကြားရာမှာ ဘုတလင်ဆေးရုံမှာ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၈ရက် ညနေပိုင်းအထိ လုပ်ငန်းလည်ပတ်ခဲ့ပြီး အဲဒီနောက် နယ်မြေအခြေအနေကြောင့် ဝန်ထမ်းတွေ တိမ်းရှောင်ရာမှာ မြို့နယ်ကုသနေရးဦးစီးမှူးဟာ လမ်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုတလင်ဆေးရုံမှာ ဝန်ထမ်းအယောက် ၂၀ရှိတဲ့အနက် မုံရွာမြို့ရှိ တိုင်းဒေသကြီးကုသရေးဦးစီးဌာနကို လာရောက်သတင်းပို့တဲ့ဝန်ထမ်း ၉ဦး၊ မန္တလေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနကို လာရောက်သတင်းပို့တဲ့ဝန်ထမ်း ၂ဦးသာရှိပြီး သူတို့ကို မုံရွာပြည်သူ့ဆေးရုံကြီးနဲ့ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှာ တွဲဖက်တာဝန်ချထားပေးသလို ကျန်တဲ့ဝန်ထမ်းတွေက ဌာနနဲ့ဆက်သွယ်မှုမရရှိသေးဘူးလို့လည်း ဦးညွန့်ဝင်းအောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။အဲဒါကြောင့် ဘုတလင်မြို့နယ်မှာ နယ်မြေအခြေအနေကောင်းမွန်ရင် ဘုတလင်ပြည်သူ့ဆေးရုံကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြန်လည်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။




