အသင်းရဲ့ စပိန်ကွင်းလယ်လစားသမား ရိုဒရီကို အသင်းမှာ ဆက်ရှိနေစေချင်ပေမယ့် အသင်းမှာ မပျော်ရွှင်တဲ့ ဘယ်ကစားသမားကိုမဆို ထွက်ဖို တားဆီးသွားမှာမဟုတ်ဘူးလို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ ပြီးခဲ့တဲ့နိုင်ငံအသင်းပွဲစဉ်ကာလမှာ အက်သလက်တီကို ကစားသမားဟောင်း ရိုဒရီက မက်ဒရစ်ပြိုင်ဘက် ရီးရဲလ် အသင်းဘက်က ကမ်းလှမ်းလာခဲ့ရင် ငြင်းဆန်ဖို ခက်ခဲတယ်ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် စပိန်အသင်းခေါင်းဆောင်ဟာ မန်စီးတီးအသင်းကို ၂၀၁၉ ခုနှစ်မှာရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့စာချုပ်က အခုရာသီအကုန်မှာ ပြည့်မှာဖြစ်ပါတယ်။ ရီးရဲလ်အသင်းသာ ကမ်းလှမ်းလာခဲ့ရင် ပယ်ချဖို ခက်တယ်ဆိုပြီး ပြောတဲ့ကစားသမားက ရိုဒရီတစ်ယောက်တည်းမဟုတ်ပါဘူးလို နည်းပြ ဂွါဒီယိုလာက ပြောသွားခဲ့ပြီး သူ့ရဲ့ ဆန္ဒကတော့ ရိုဒရီကို မန်စီးတီးအသင်းမှာ အချိန်ကြာကြာ ဆက်ရှိစေချင်တာမျိုးဖြစ်တယ်လို ပြောပါတယ်။

မန်စီးတီးအသင်းမှာ ရှိနေစဉ်အတွင်း ရိုဒရီဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ၄ ကြိမ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေနဲ့ လိဂ်ဖလား ၃ ကြိမ်ရရှိထားတာဖြစ်ပါတယ်။ ၂၀၂၄ ရွှေဘောလုံးဆုရှင် ရိုဒရီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခုလုံး ကို ဒူးအရွတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသလို အခုရာသီမှာလည်း ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပါတယ်။




