ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မန္တလေးတံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှာ နီပါးရ်ဗိုင်းရပ်စ်ရောဂါ အပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပေါ်ပေါက်နိုင်တဲ့ ကူးစက်ရောဂါတွေကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးတဲ့လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက နေသိရပါတယ်။

ပြည်ပကဝင်ရောက်လာတဲ့ ခရီးသည်တွေကို နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေပေါ်ပေါက်နိုင်တဲ့ ကူးစက်ရောဂါတွေကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးတာ၊ မြန်မာနိုင်ငံအတွင်းကို ပြည်ပ ကကူးစက်ရောဂါတွေဝင်ရောက်ပျံ့နှံ့မှုမရှိစေဖို့ ဝင်ရောက်လာတဲ့ခရီးသည်တွေကို သတ်မှတ်ထားတဲ့ လုပ်ငန်းလမ်း ညွှန်ချက်နဲ့အညီ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။လက်ရှိ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ နီပါးရ်ဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး အိန္ဒိယ ကဝင်ရောက်လာတဲ့ ခရီးသည်တွေကို အဖျားရောဂါလက္ခဏာအပါအဝင် နီပါးရ်ဗိုင်းရပ်ရောဂါသံသယရောဂါ လက္ခဏာတွေစောင့်ကြပ်ကြည့်ရှုတဲ့လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ဒါ့အပြင် နီပါးရ်ဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး ခရီးသွားပြည်သူတွေကိုအသိပေးလက်ကမ်းစာစောင်တွေဝေငှတာနဲ့ ပိုစတာတွေပြသထားတာအပါအဝင် အခြားရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။

ပြည်ပနိုင်ငံတွေက ဝင်ရောက်လာသူတွေကို အပူချိန်တိုင်းတာတဲ့စက်တွေနဲ့ အဖျားရောဂါနဲ့ ကူးစက်ရောဂါစောင့် ကြပ်ကြည့်ရှုမှုတွေလုပ်ဆောင်နေပြီး ကူးစက်ရောဂါ သံသယလူနာယာယီထိန်းသိမ်းခန်းနဲ့ စောင့်ကြပ် ကြည့်ရှုတာ တွေကိုလည်းလုပ်ဆောင်နေတယ်လို့သိရပါတယ်။အပူချိန်တိုင်းစက်တွေ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးသုံးပစ္စည်းတွေ၊ လူနာသီးသန့်ခွဲခြားထားရှိမယ့်အခန်းတွေ လုပ်ဆောင်ထားသလို လူနာတင်ယာဉ်ပြင်ဆင်ထားရှိပြီး သံသယလူနာတွေ့ရှိရင် ခေါ်ဆောင်ဖို့ သတ်မှတ် လမ်းကြောင်းတွေနဲ့စီစဉ်ထားရှိတယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကာလကတ္တားမြို့ကနေ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပြီးခဲ့တဲ့ဇန်နဝါရီ(၂၇) ရက် ည (၁၀)နာရီမိနစ်(၄၀)အချိန်ခန့်က ဆိုက်ရောက်လာတဲ့ လေယာဉ် မှာလိုက်ပါလာတဲ့ ခရီးသည်(၈၄)ဦးကို ကိုယ်အပူချိန်မြင့်တက်တာ ရှိ/မရှိ နဲ့ သံသယနီပါးရ်ဗိုင်းရပ်စ်ရောဂါ စောင့် ကြပ်ကြည့်ရှုတာတွေကို ဆောင်ရွက်ခဲ့ရာမှာ သံသယလူနာမတွေ့ရှိရဘူးလို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အရင်က ကူးစက်ဖြစ်ပွားခဲ့ဖူးခြင်း မရှိတဲ့အပြင် အခုအချိန်မှာလည်း ရောဂါကူးစက် ဖြစ်ပွားသူ မရှိတဲ့ နီပါးဗိုင်းရပ်စ် ရောဂါနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေနဲ့ သတင်းအမှားတွေကို မယုံကြည်ကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်စိုးက ပြောကြားထားပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ရောဂါအပါအဝင် ကူးစက်ရောဂါတွေကြောင့် ဖြစ်ပွားတတ်တဲ့ ဦးနှောက် ရောင်ရောဂါကို စောင့်ကြပ်ကြည့်ရှုတာနဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ စောင့်ကြပ် ကြည့်ရှုတဲ့ လုပ်ငန်းတွေကို ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတွေမှာ ဆောင်ရွက်နေရာ လက်ရှိ အချိန်အထိ နီပါးဗိုင်းရပ်စ် ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေရှိတဲ့ လက္ခဏာတွေနဲ့ ဆေးရုံတက်ရောက်မှု ဖြစ်စဉ်တွေ မရှိသေးဘူးလို့ လည်းပြောကြားထားပါတယ်။




