ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်မှာ အမေရိကန်နိုင်ငံသား ရှဲလ်တန်ကို အနိုင်ရပြီး နောက် ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်နဲ့ ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်ပွဲက ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင် တယ်လို့ အီတလီနိုင်ငံသား ဆင်နာက သုံးသပ်ခဲ့ပါတယ်။

ဆီဒင်အဆင့် ၂ ရထားတဲ့ ဆင်နာဟာ ရှဲလ်တန်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားသွားခဲ့ပြီး ပြိုင်ဘက်ကို ဖိအားပေးမှုတွေ ပြုလုပ် နိုင်ခဲ့တာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်အထိ ရောက်လာခဲ့တဲ့ ရှဲလ်တန်ကလည်း အကောင်းဆုံးကြိုးစား ခဲ့တယ်ဆိုပေမယ့် ဆင်နာရဲ့ တည်ငြိမ်တဲ့လက်စွမ်းကိုတော့ မယှဉ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ပွဲကစားချိန် ၂ နာရီနဲ့ ၂၃ မိနစ်အကြာမှာ ဆင်နာက (၆း၃၊၆း၄၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့် ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၄ နဲ့ ၂၀၂၅ ဩစတြေးလျအိုးပင်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေကို ရယူထားခဲ့တဲ့ ဆင်နာအတွက်တော့ ပြိုင်ပွဲရဲ့ချန်ပီယံဆုကို ၃ နှစ်ဆက် သိမ်းပိုက်နိုင်ဖို့ ပိုမိုနီးစပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဂျိုုကိုဗစ်က အတွေ့အကြုံရင့်သလို ကောင်းမွန်တဲ့လက်စွမ်းကို အချိန်အတော်ကြာ ထိန်းထားနိုင်သူ ဖြစ်တာကြောင့် ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက သူ့အတွက် အခက်ခဲဆုံး စိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့ ပွဲအပြီးမှာဆင်နာက ပြောသွားခဲ့ပါတယ်။

ရှဲလ်တန်ကို အနိုင်ရတဲ့ပွဲက အသက် ၂၄ နှစ်အရွယ် ဆင်နာအတွက် ဩစတြေးလျအိုးပင်းပွဲစဉ် ၂၃ ပွဲဆက်အနိုင်ရမှုဖြစ်ပြီး ဂရင်းစလမ်ပြိုင်ပွဲ နောက်ဆုံး ၆ ခုဆက် ဆီမီးဖိုင်နယ် တက်ခွင့်ရတဲ့ ၅ ယောက်မြောက် ကစားသမားလည်းဖြစ်ခဲ့ပါတယ်။




