အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား အယောက် ၃၀၀၊ အင်ဒိုနီးရှားနိုင်ငံ သား ၉၁ ယောက်၊ အီသီယိုးပီးယားနိုင်ငံသား(၇၈)ယောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ယောက် စုစုပေါင်း ပြည်ပနိုင်ငံသား ၄၇၇ ယောက်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထပ်မံလွှဲပြောင်း ပေးခဲ့တယ်လို့ ဇန်နဝါရီ(၂၂)ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံအတွင်းကို နယ်စပ်လမ်း ကြောင်းတွေကနေ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေမှာ တရားမဝင် အွန်လိုင်းလောင်းကစားမှုနဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ အဲဒီနိုင်ငံခြားသားတွေကို မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှုပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထပ်မံလွှဲပြောင်းပေးတာဖြစ်တယ်လို့ ဆို ပါတယ်။

နိုင်ငံတော်အနေနဲ့ Online Scam Center လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ နောက်ကွယ်ကနေ ကြိုး ကိုင်တဲ့နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနဲ့ဒေသတွင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြတဲ့ နိုင်ငံခြားသားတွေနဲ့ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား တွေကို သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက် နေတယ်လို့လည်း သိရပါတယ်။



