ထိုင်ဝမ်ပြဿနာဟာ တရုတ်ရဲ့ ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်ဝမ်ဟာတရုတ်ရဲ့ ခွဲခြမ်းစိတ်ဖြာလို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ၃၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံစတင်ပေါ်ပေါက်လာစဉ်ကတည်းက တရုတ်နိုင်ငံရဲ့လွတ်လပ်ရေးကို အစောဆုံးအသိအမှတ်ပြုခဲ့တဲ့နိုင်ငံဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် အစဉ်တစိုက် ရပ်တည်ထောက်ခံခဲ့သလို နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်းတွေ့ဆုံစဉ်မှာလည်း ထပ်လောင်းအတည်ပြုပြီးဖြစ်တယ်လို့ ဆိုပါတယ်။တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးရည်ရွယ်ချက်ကိုလည်း ထောက်ခံရပ်တည်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး၅ရပ်ကို သဘောတူလိုက်နာတဲ့ နိုင်ငံတွေဖြစ်တာနဲ့အညီ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အချုပ်အခြာအာဏာကို လေးစားကြပြီး အဲဒီအတွက်ကြိုးပမ်းမှုတွေကိုလည်း အလေးထားတယ်လို့ ဆိုပါတယ်။ခွဲထွက်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့အတွက် အဲဒီလှုပ်ရှားမှုတွေကို အသိအမှတ်မပြုသလို ပဋိပက္ခဖြစ်ပွားမှုတွေကို မြင့်တက်စေမဲ့ ဘယ်လိုအားပေးမှုကိုမဆို ထိန်းသိမ်းဆောင်ရွက်စေလိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံအနေနဲ့ တရုတ်ရဲ့အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံ၊ မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုရှိတဲ့နိုင်ငံ၊ အေးအတူပူအမျှအသိုက်အဝန်းကို အတူထူထောင်ထားတဲ့နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။




