ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက နေဝင်ဆည်းဆာကြည့်ရှုနိုင်တဲ့ တောင်ကုန်ေးတွမှာ ဒီဇင်ဘာ၃၁ရက် ညနေပိုင်းက ၂၀၂၅ခုနှစ်ရဲ့ နောက်ဆုံးနေဝင်ချိန်ကို လာရောက်ကြည့်ရှုသူများပြားတယ်လို့ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ကနေ သိရပါတယ်။

နှစ်သစ်ကူးကာလရုံးပိတ်ရက်မှာ ပုဂံကိုလာရာက်တဲ့ခရီးသွားတွေများပြားပြီး လက်ရှိမှာ ပုဂံ၊ ညောင်ဦးက ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းတွေအားလုံး အခန်းတွေပြည့်နေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ပုဂံဒေသရဲ့ ညနေဆည်းဆာနေဝင်ချိန်ဟာ ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ သဘာဝအလှတရားဖြစ်တယ်လို့ နေဝင်ချိန်ကို လာရောက်ကြည့်ရှုကြတဲ့ ခရီးသွားတွေက ပြောပါတယ်။

ပုဂံမှာ နေဝင်းဆည်းဆာ ကြည့်ရှုနိုင်ဖို့ မြေသားကုန်းမြင့်တွေ ပြုလုပ်ပေးထားပြီး စူဠာမဏိဘုရားအနီးက ညောင်လက်ဖက်ကုန်းမြင့်၊ တောင်ဘက်ရေကန်ထိပ်က ကိုမောက်ကြီးကုန်းမြင့်၊ မင်းနန်းသူကျေးရွာ ရေကန်ထိပ်က ကုန်းမြင့်တွေကနေ နေဝင်ဆည်းဆာကြည့်ရှုသူ များပြားတယ်လို့ သိရပါတယ်။




