မြေဩဇာ ကော်မတီဟာ တောင်သူတွေ အရည်အသွေးပြည့်မီတဲ့ မြေဩဇာတွေကို အချိန်နဲ့တစ်ပြေးညီ သုံးစွဲနိုင် ကြစေဖို့နဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေပြီး နိုင်ငံရဲ့ စားရေရိက္ခာ ဖူလုံပိုလျှံစေဖို့အတွက် မြေဩဇာ မှတ်ပုံတင်တွေကို စနစ်တကျ စိစစ်ထုတ်ပေးနေပြီး ဒီဇင်ဘာ ၃၀ ရက်အထိ လုပ်ငန်းဆောင်ရွက်နေတဲ့ မှတ်ပုံတင် ၇၉၄၆ စောင်ရှိတယ်လို့ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ ကျင်းပတဲ့ မြေဩဇာကော်မတီရဲ့ (၄၆)ကြိမ်မြောက် အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။မြေဩဇာကော်မတီရဲ့ (၄၅)ကြိမ်မြောက် အစည်းအဝေးအထိ မှတ်ပုံတင် လက်မှတ်ပေါင်း ၁၃၁၈၂ စောင် ခွင့်ပြု ပေးနိုင်ခဲ့ပြီး ကာယကံရှင်ရဲ့ တင်ပြချက်အရ ပယ်ဖျက်မှု ၂၃ဝ၇ စောင်နဲ့ သက်တမ်းကျော်လွန်တာကြောင့် ဌာနက ဖျက်သိမ်းခဲ့ရတဲ့ မြေဩဇာမှတ်ပုံတင် ၂၉၂၉ စောင် ရှိတဲ့အတွက် လက်ရှိအချိန်မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ မှတ်ပုံတင် ၇၉၄၆ စောင် ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်မြေဩဇာ သုံးစွဲရာမှာ ထိရောက်မှုရှိစေဖို့အပြင် အပင်ကျန်းမာရေးနဲ့ မြေဆီလွှာ ကျန်းမာရေးကိုလည်း စိုက်ပျိုးသူတောင်သူတွေအနေနဲ့ အထူးဂရုပြုဖို့နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအနေနဲ့ ကလည်း ဒေသန္တရ မြေဆီလွှာကျန်းမာရေးမှသည် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ အမျိုးသားအဆင့် မြေဆီလွှာ ကျန်းမာရေးစနစ်ကို ရှေးရှုဆောင်ရွက်နေတာကြောင့် တောင်သူလယ်သမားတွေ သိရှိဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောပါတယ်။ဒါ့အပြင် သီးနှံပေါ် မူတည်ပြီး သီးသန့်ပြုပြင်ထုတ်လုပ်ထားတဲ့ မြေဩဇာတွေကို ထုတ်လုပ်သုံးစွဲသင့်ပြီး မိမိတို့ ကော်မတီအနေနဲ့ မြေဩဇာလုပ်ငန်းနဲ့ ပတ်သက်လို့ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မဲ့ နည်းလမ်းတွေ၊ အကြံ ပြုချက်တွေကို ဝိုင်းဝန်း ကြိုးပမ်းသွားကြဖို့ တိုက်တွန်းတယ်လို့လည်း ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားခဲ့ပါတယ်။




