ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားနဲ့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း ၈ ခုကို ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(YRIC)က အတည်ပြု ပေးလိုက်ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှာ အဲဒီလုပ်ငန်းသစ်တွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ စက်မှုကဏ္ဍမှာ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ ခုနဲ့ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုတို့ကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အတည်ပြုပေးခဲ့တဲ့ လုပ်ငန်းတွေထဲမှာ CMP စနစ်နဲ့ Wearing Apparel အမျိုးမျိုး ချုပ်လုပ်တဲ့လုပ်ငန်း၊ အဝတ် အထည် အမျိုးမျိုးချုပ်လုပ်တဲ့လုပ်ငန်း၊ အရည်အသွေးမြင့် အိမ်အလှဆင်ပစ္စည်း၊ အထိမ်းအမှတ်ပစ္စည်း၊ လက် ဆောင်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့လုပ်ငန်း၊ နားကြပ်နဲ့ ဆက်စပ်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ပလတ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေရဲ့ မတည်ငွေရင်း ပမာဏက အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၀၈ သန်းဖြစ်ပြီး ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ၆၇၈၆ ဦးအတွက် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ၁၉၈၈- ၁၉၈၉ ဘဏ္ဍာနှစ်ကနေ အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ရန်ကုန်မှာ တရုတ်နိုင်ငံက ဝင်ရောက် ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းပေါင်း ၄၅၁ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂ ဘီလီယံခွဲ ကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီက သိရပါတယ်။




