ရက်ဘူးလ်အသင်းဟာ အသင်းအုပ်ချုပ်သူ ဟော်နာကို ပြီးခဲ့တဲ့ ဇူလိုင်လက အသင်းကနေ ထုတ်ပယ်ခဲ့တဲ့အတွက် လျော်ကြေး ယူရို သန်း ၆၀ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ ရက်ဘူးလ်အသင်းဘက်က လျော်ကြေးကို တရားဝင် ကြေညာခြင်း မရှိပေမယ့် သတင်းတွေအရတော့ အားကစားသမိုင်းမှာ အကြီးမားဆုံးလျော်ကြေးကို ရက်ဘူးလ် အသင်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၅၁ နှစ်အရွယ် ဟော်နာဟာ ရက်ဘူးလ်အသင်းကို ၂၀၀၅ ခုနှစ်ထဲက အသင်းအုပ်ချုပ်သူအဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး ဖော်မြူလာဝမ်း ဒရိုင်ဗာ ကမ္ဘာ့ချန်ပီယံဆု ၈ ကြိမ်နဲ့ အသင်းလိုက် ကမ္ဘာ့ချန်ပီယံဆု ၆ ကြိမ်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟော်နာဟာ ရက်ဘူးလ် အသင်းနဲ့ ၂၀၃၀ အထိ စာချုပ်ရှိထားပြီး တစ်နှစ်ကို လုပ်အားခ ယူရို ၁၂ သန်းရရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာတော့ ဟော်နာကို လက်ရှိတာဝန်ကနေ အနားပေးလိုက်တယ်လို့ ရက်ဘူးလ်အသင်း ကြေညာလိုက်တာဖြစ်ပါတယ်။

၂၀၂၄ ဖေဖော်ဝါရီမှာ အသင်းရဲ့ အမျိုသမီးဝန်ထမ်းအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ၁၈ လအကြာမှာပဲ ဟော်နာကို ရာထူးကနေထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ ဟော်နာကတော့ သူ့ဘက်က အမှားအယွင်းလုပ်တာမျိုးမရှိဘူးလို့ ဖြေရှင်းခဲ့ပေမယ့် ရက်ဘူးလ်အသင်းကတော့ ဟော်နာကို ထုတ်ပယ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။




