ချဲလ်ဆီးအသင်းနဲ့ နည်းပြမာရက်စ်ကာ လမ်းခွဲခဲ့ပြီးနောက် မာရက်စ်ကာဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ နေရာ ဆက်ခံသူဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက မာရက်စ်ကာနဲ့ မန်စီးတီး အချိတ်အဆက်ရှိတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆို လိုက်ပြီး မန်စီးတီးအသင်းမှာ စာချုပ်ပြည့်တဲ့ ၂၀၂၇ အထိ သူဆက်ရှိနေမယ်လို ပြောသွားပါတယ်။

ချဲလ်ဆီးက ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီးနောက် နည်းပြမာရက်စ်ကာနဲ့ လမ်းခွဲဖို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာကတော့ သူ့လက်ထောက်နည်းပြဖြစ်ခဲ့ဖူးတဲ့ မာရက်စ်ကာက ထူးချွန်တဲ့နည်းပြ တစ်ဦးဖြစ်တာကြောင့် ချဲလ်ဆီးအသင်းဆုံးဖြတ်ချက်က အသင်းကို နစ်နာစေနိုင်တယ်လိုသုံးသပ်ခဲ့ပါတယ်။ မနှစ်က မန်စီးတီးအသင်းက ၂လ၊၃လအတွင်း နိုင်ပွဲတစ်ပွဲမှမရချိန်မှာတောင် အသင်းတာဝန်ရှိသူတွေက သူ့ကို ယုံကြည်မှုအပြည့်ပေးပြီး ထောက်ပံ့ပေးခဲ့တာကို ကြည့်ရင် သူက ကံကောင်းတဲ့နည်းပြတစ်ဦးဖြစ်တယ်လိုလည်း ဂွါဒီယိုလာက မာရက်စ်ကာရဲ့ အခြေအနေနဲ့ နှိင်းယှဉ်ပြီး ပြောသွားပါတယ်။

မန်စီးတီးအသင်းက တနင်္ဂနွေညမှာ ချဲလ်ဆီးအသင်းကို လက်ခံကစားရမှာဖြစ်ပြီး နည်းပြ မာရက်စ်ကာရှိခြင်း၊မရှိခြင်းက သူ့ရဲ့ ပွဲကြိုစီစဉ်မှုတွေ အပေါ်မှာ ဘယ်လိုမှ သက်ရောက်မှုရှိမှာမဟုတ်ဘူးလို ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ဆန်းဒါးလန်းအသင်းကို သရေကျခဲ့ပြီးနောက် အာဆင်နယ်နဲ့ ၄ မှတ်ကွာသွားတဲ့ မန်စီးတီးအတွက် ချဲလ်ဆီး နဲ့ပွဲမှာ အနိုင် ၃ မှတ်ရယူနိုင်ဖို လိုအပ်နေတာဖြစ်ပါတယ်။




