ဘာစီလိုနာအသင်းအနေနဲ့ အခုရာသီမှာ အောင်မြင်မှုတွေရယူနိုင်ဖိုအတွက်ဆိုရင် အခုဇန်နဝါရီဈေးကွက်မှာ ခံစစ်ကို အားဖြည့်ဖို လိုအပ်တယ်လို့ နည်းပြ ဖလစ်ခ်က ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုရာသီ လာလီဂါ ၁၈ ပွဲမှာ ပေးဂိုး ၂၀ အထိပေးထားရပြီး ထိပ်ဆုံး ၇ သင်းထဲမှာ ပေးဂိုးအများဆုံးအသင်း အဖြစ်ရပ်တည်နေသလို ချန်ပီယံလိဂ် ၆ ပွဲမှာလည်း ပေးဂိုးက ၁၁ ဂိုးအထိ ခွင့်ပြုထားရတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း နည်းပြဖလစ်ခ်က လက်ရှိအနေအထားမှာ အသင်းခံစစ်ပိုင်းက အားရစရာမကောင်းသလို အားနည်းချက်တွေလည်းရှိနေတာကြောင့် ခံစစ်အတွက် ကစားသမား ၁ ယောက် ၂ ယောက်လောက် ထပ်ဖြည့်ဖို လိုအပ်ပါတယ်လို ပြောသွားခဲ့တာပါ။ ဇန်နဝါရီဈေးကွက်မှာက လိုချင်တဲ့အရည်အသွေးရှိတဲ့ ကစားမျိုးကိုရဖို ခက်ခဲနိုင်ပေမယ့် အခြေအနေကို အသင်းတာဝန်ရှိသူတွေနဲ့ သေချာဆွေးနွေး ညှိနှိင်းသွားရမှာဖြစ်ပါတယ်လို နည်းပြ ဖလစ်ခ်က ပြောပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ နောက်ခံလူ မာတီနက်ဇ်က ဆော်ဒီပရိုလိဂ်ဆီ ပြောင်းသွား ခဲ့သလို ခရစ္စတန်ဆန်ကလည်း ဒဏ်ရာကြောင့် ကာလရှည်အနားယူမှုတွေရှိခဲ့တဲ့အတွက် နည်းပြ ဖလစ်ခ်ဟာ လူငယ်နောက်ခံလူ ကူဘရာစီနဲ့ မာတင်တိုကို ဗဟိုခံစစ်မှာ အသုံးပြုခဲ့ရပါတယ်။ အခြားနောက်ခံလူ တစ်ယောက် ဖြစ်တဲ့ အာရူဂျိုကလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေခံစားခဲ့ရတဲ့အတွက် အားလပ်ရက်ပေးထားရပြီး အခုတစ်ပတ်ထဲမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တာဖြစ်ပါတယ်။ အာရူဂျိုအနေနဲ့ အသင်းဖော်တွေရဲ့ အားပေးကူညီမှုနဲ့အတူ အခြေအနေတိုးတက်လာပြီဖြစ်ပေမယ့် ပွဲကစားခွင့်ပေးဖိုကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို ဖလစ်ခ်က ပြောသွားခဲ့ပါတယ်။




