ဗဟိုနောက်ခံလူ ဆာဘီဘာနဲ့ တောင်ပံတိုက်စစ်မှူး မာတင်နယ်လီတို့ဟာ ဒဏ်ရာပြဿနာ တွေကြောင့် ဘရိုက်တန်အသင်းနဲ့ ကစားမယ့် လိဂ်ဖလားပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုလိုက်ပါတယ်။

ပြင်သစ်နောက်ခံလူ ဆာလီဘာဟာ တနင်္ဂနွေညက ပဲလေ့စ်အသင်းကိုအနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့လို့ နောက်ခံလူ မော့စ်ကွီရာနဲ့ လူစားလဲခဲ့ရသလို မာတင်နယ်လီကလည်း ဒဏ်ရာရခဲ့ပေမယ့် ပွဲပြီးတဲ့ အထိ ကစားပေးခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာ ဒစ်ကလန်ရိုက်စ်နဲ့ ကာလာဖီအိုရီတို့လည်း ဒဏ်ရာတွေ ရခဲ့ကြပေမယ့် ဘရိုက်တန်အသင်းနဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ဆာလီဘာပါဝင်နိုင်မှာမဟုတ်တဲ့အကြောင်းကိုသာ နည်းပြအာတီတာက ပြောသွားခဲ့ပြီး ဆာလီဘာအနေနဲ့ ဘယ်လောက်အထိ အနားယူရနိုင်တယ် ဆိုတာမျိုးကိုတော့ ပြောကြားတာမျိုး မရှိခဲ့ပါဘူး။

မာတင်နယ်လီရဲ့ဒဏ်ရာကိုလည်း နောက်ထပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ရမှာဖြစ်တယ်လို့ အာတီတာက ပြောသွားပါတယ်။ ဒဏ်ရာပြဿနာတွေရှိပေမယ့် အခုနွေရာသီ အသင်းရဲ့ အားဖြည့်ထားမှုအရ စိတ်ပူစရာတော့ ဖြစ်လာမှာမဟုတ်ဘူးလို့ နည်းပြ အာတီတာက သုံးသပ်သွားပါတယ်။




