ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်မှာ အောက်တိုဘာ ၂၉ ရက်၊ မနက်အစောပိုင်းက အမျိုးသမီးတစ်ယောက် ကားတိုက်ခံရပြီး ရွှေပြည်သာစက်မှုဇုန်ထဲကို လာရောက်စွန့်ပစ်ခဲ့တယ်လို့ အင်းစိန် မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်၊၊

အောက်တိုဘာ ၂၉ ရက်၊ မနက် ၃ နာရီကျော်လောက်က အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ် ရွှေဝါ ၂ လမ်း ထိပ်မှာ အမျိုးသမီးတစ်ယောက်ကို လိုက်ထရပ်ကားတစ်စီးက ဝင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် နယ်မြေခံ လူမှုကူညီရေး အသင်းအဖွဲ့အချို့က အခင်းဖြစ် နေရာကို သွားရောက်ခဲ့ပြီး ရောက်ရှိချိန်မှာ ဘယ်သူကိုမှ မတွေ့ရှိတဲ့အတွက် အနီးပတ်ဝန်းကျင်ကို မေးမြန်း ကြည့်ရာ ကားသမားက ဆေးရုံပို့မယ်ဆိုပြီး ရွှေပြည်သာစက်မှုဇုန် (၄)ထဲက လမ်းဘေးတစ်နေရာမှာ သွားရောက် စွန့်ပစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကားတိုက်ခံရတဲ့သူအမျိုးသမီးဟာ အသက်(၄၀)အရွယ်ဖြစ်ပြီး ဦးခေါင်းနဲ့ ခြေထောက်မှာ ဒဏ်ရာတွေ ရရှိခဲ့ကာ ကနောင် လူမှုကူညီရေးယာဉ်နဲ့ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်၊၊ လက်ရှိမှာတော့ ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ ကားသမားကို ဖမ်းမိရရှိစေရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းက စုံစမ်း စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊




