မြန်မာနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ ပွဲတော်တွေထဲကတစ်ခုဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာ၂၉ရက် ညနေပိုင်းကစပြီး အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပနေပြီဖြစ်ပါတယ်။

ပွဲတော်စတင်ကျင်းပတဲ့ညမှာ ဖျော်ဖြေရေးစိန်နားပန်မီးပုံးပျံတစ်လုံး၊ ဖျော်ဖြေရေးညမီးကြီးတစ်လုံးတို့ကိုလည်း လွှတ်တင်ခဲ့တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းကနေ သိရပါတယ်။
အခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မီးပုံးပျံပြိုင်ပွဲမှာ ညလွှတ်မီးပုံပျံပြိုင်ပွဲမှာ ညမီးကြီး(၂၅)ပေ ၁၈လုံး၊ ညမီးကြီး(၂၂)ပေ ၂၅လုံး၊ စိန်နားပန်(၁၈)ပေ ၃၈လုံး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲမှာ အရုပ်ခြေ(၂)ချောင်း ၁၉၁လုံး၊ အရုပ်ခြေ(၄)ချောင်း ၁၀၄လုံး၊ အရုပ်အုပ်စု ၆၆လုံးတို့ကို လွှတ်တင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို တောင်ကြီးဒေသခံတွေသာမက အနီးဝန်းကျင်နဲ့ ရန်ကုန်၊ မန္တလေးစတဲ့ရပ်ဝေးဒေသတွေကနေပါ အများအပြားလာရောက်ဆင်နွှဲလေ့ရှိပြီး အခုနှစ်ပွဲတော်ကို အောက်တိုဘာ၂၉ရက်ကနေ နိုဝင်၅ရက်အထိ ကျင်းပနေတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Hein Htet Aung




