သူတာဝန်ယူတဲ့ ပထမဆုံးပွဲမှာ စပိန်ဒုတိယတန်းကလပ်အသင်းကို ရှုံးနိမ့်ပြီး ဘုရင့်ဖလားပြိုင်ပွဲကနေထွက်ခဲ့ရတဲ့ အတွက် နာကျင်ခံစားရတယ်လို့ ရီးရဲလ်နည်းပြ အာဘီလိုအာက ပြောပါတယ်။

ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့်ပွဲမှာ ရီးရဲလ်အသင်းက စပိန်ဒုတိယတန်း အဆင့် ၁၇ မှာရပ်တည်နေတဲ့ အယ်ဘာစီးတီးအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရတာဖြစ်ပါတယ်။

အယ်ဘာစီးတီးအသင်းနဲ့ပွဲမှာ ပွဲထုတ်ခဲ့တဲ့ ကစားသမားစာရင်းနဲ့ပတ်သက်လို့လည်း သူ့မှာသာတာဝန်ရှိပြီး ကစားသမားတွေအကောင်းဆုံး ကြိုးစားကစားပေးခဲ့ကြတယ်လို့ အာဘီလိုအာက ပြောပါတယ်။

ရီးရဲလ်အသင်းဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ အလွန်ဆိုကို ထုတ်ပယ်လိုက်ပြီး အာဘီလိုအာကို ရာသီကုန်အထိ နည်းပြအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။
အင်္ဂါနေ့မှာ အသင်းကို စတင်တာဝန်ယူခဲ့တဲ့ အာဘီလိုအာဟာ ဗုဒ္ဓဟူး ညမှာပဲ ပထမဆုံးပွဲကို ကြီးကြပ်ခဲ့ရတာဖြစ်လို့ ပြင်ဆင်ချိန်နည်းပါးခဲ့တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါ တယ်။

နည်းပြ အာဘီလိုအာဟာ အယ်ဘာစီးတီးအသင်းနဲ့ ကစားမယ့်ပွဲအတွက် လူစာရင်းမှာ ဘယ်လင်ဟမ်နဲ့ အမ်ဘာပေတို့လို အဓိကကစားသမား အများစုကို ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။
အသင်းက စုဖွဲ့မှုပုံစံကောင်းမှာ ရှိနေပေမယ့် ကစားသမားအများစုကို ကြံ့ခိုင်မှုအပြည့်အဝပြန်ရအောင် ကြိုးစားရဦးမှာဖြစ်တယ်လို့လည်း လက်ရှိ အသင်းအခြေအနေနဲ့ ပတ်သက်လို့ အာဘီလိုအာက ပြောသွားပါတယ်။




