ဗုဒ္ဓဟူးညက ကိုလုံးအသင်းကို အနိုင်ရခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၃-၁၄ ဘောလုံးရာသီက သူတို့ အသင်းတင်ထားခဲ့တဲ့ ဘွန်ဒက်စ်လီဂါရာသီဝက် ရမှတ်အများဆုံးစံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

ကိုလုံးအသင်းကို အဝေးကွင်းမှာ ဂနာဘရီ၊ ကင်မင်ဂျေး၊ လန်နက်ကားလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဘိုင်ယန်မြူးနစ်အသင်း အနိုင်ရခဲ့တာ ဖြစ်ပြီး အခုရာသီ ပွဲစဉ် ၁၇ အပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းက ရမှတ်ပေါင်း ၄၇ မှတ်ရရှိထားပါတယ်။

ဒီရမှတ်က ၂၀၁၃-၁၄ ဘောလုံးရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်း တင်ထားခဲ့တဲ့ ရာသီဝက်ရမှတ်အများဆုံး စံချိန်ကို လိုက်မီနိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ ကွန်ပနီရဲ့ အခုရာသီ ဘိုင်ယန်မြူးနစ်အသင်းက ပွဲစဉ် ၁၇ အပြီးမှာ သွင်းဂိုး ၆၆ ဂိုးအထိသွင်းယူနိုင်ခဲ့လို့ ရာသီဝက်သွင်းဂိုးအများဆုံးစံချိန်ကိုတော့ ရယူသွားနိုင်ခဲ့ပါတယ်။
အရင်စံချိန် ကိုလည်း ဘိုင်ယန်မြူးနစ်အသင်းပဲ တင်ထားခဲ့တာဖြစ်ပြီး ၂၀၂၁-၂၂ ဘောလုံးရာသီက သွင်းဂိုး ၅၆ ဂိုးနဲ့ တင်ထားခဲ့ တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက အခုရာသီ ပွဲစဉ် ၁၇ ပွဲကစားအပြီးမှာ ရှုံးပွဲမရှိသေးဘဲ ၁၅ ပွဲနိုင် ၂ ပွဲ သရေကျထားပြီး အခုရာသီ ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းလည်းဖြစ်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်းကလည်း အခုရာသီ ၁၇ ပွဲအပြီးမှာ သွင်းဂိုး ၂၀ အထိ သွင်းယူ ထားပြီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဒုတိယနေရာက စတုဂတ်တိုက်စစ်မှူး အန်ဒက်ဗ်ကို ၁၀ ဂိုး အသာရထားပါတယ်။




