စပါးအသင်းဟာ အက်သလက်တီကိုအသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဟာကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူ လိုက်တယ်လို့ ဇန်နဝါရီ ၁၄ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ဂယ်လက်ဟာကို ဗီလာအသင်းနဲ့အပြိုင်ခေါ်ယူဖို့ ကြိုးစားခဲ့ရတာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂယ်လက်ဟာ ဟာ ၂၀၂၄ ဩဂုတ်လမှာ ချဲလ်ဆီး ကနေ အက်သလက်တီကို အသင်းဆီ ပေါင် ၃၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂ နှစ်နီးပါးအကြာမှာ အင်္ဂလန်ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

စပါးကအံ့အားသင့်စရာကောင်းတဲ့အသင်းဖြစ်ပြီး ဒီအသင်းနဲ့ ကစားသမားဘဝ နောက်တစ်ဆင့် တက်ခွင့်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်လို့ အသင်းသစ်နဲ့ အင်တာဗျူးမှာ ဂယ်လက်ဟာက ပြောသွား ပါတယ်။
အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာကလည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရချင်တာကြောင့် ဖြစ်တယ်လို့လည်း ဂယ်လက်ဟာက သူ့ဆန္ဒနဲ့ ပတ်သက်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၂ ပွဲကစားပေးခွင့်ရထားတဲ့ ဂယ်လက်ဟာ ဟာ လက်ရှိအင်္ဂလန်အသင်း နည်းပြ တူချယ်လက်ထက်မှာတော့ ၁ ပွဲသာ ပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။ စပါးအသင်းမှာ ဂယ်လက်ဟာ ဟာ ကျောနံပါတ် ၂၂ ကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။




