ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းနေတယ် လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ(၅)ရက် မနက်ပိုင်းက အသိပေးထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ် တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြု နိုင်ဖို့ကိုလည်း အသိပေးထားပါတယ်။ဇွန်လ(၄)ရက် ညပိုင်းကတော့ တိုင်းနဲ့ပြည်နယ်အချို့က မြို့နယ်အချို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့လေပြင်း တိုက်ခတ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ(၅)ရက် မနက်(၆)နာရီ (၂၂)မိနစ်အချိန်လောက်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းနဲ့ ငြိမ်းချမ်းရေးရပ်ကွက်၊ ကမ်းနားလမ်းနဲ့ ပျဉ်းမပင်လမ်းထောင့်ရှိ Yangon River View Condo basement ကားပါကင်မှာ ရေဝင်ရောက်တာ၊ ဇွန်လ(၅)ရက် မနက်(၇)နာရီ မိနစ်(၄၀)အချိန်လောက်က ရန်ကုန် တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်ကွန်ဒို၊ basement ကားပါ ကင်မှာ (၁၁)လက်မခန့် ရေဝင်ရောက်တာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။အဲဒီရေဝင်ရောက်တဲ့နေရာတွေကို သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်း မီးသတ်တပ်ဖွဲ့ဝင်တွေက ရေစုပ်ထုတ်တာနဲ့ ကူညီဆောင်ရွက်တာတွေ သွားရောက် လုပ်ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။



