ပဲလေ့စ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲမှာ အာဆင်နယ် အသင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာခက်ခဲမှုကို ကျော်လွှားနိုင်ခဲ့တယ်လို့ နည်းပြ အာတီတာက ချီးကျူးလိုက် ပါတယ်။

အိမ်ကွင်းမှာ အာဆင်နယ်အသင်းက အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် ပဲလေ့စ်အသင်းရဲ့ ဂိုးသမား ဘင်နီတက်ဇ် လက်စွမ်းပြနေခဲ့လို့ ဂိုးရဖို့ကို ခက်ခဲခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာ ပဲလေ့စ်နောက်ခံလူ လာခရော့စ် ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကနေ အာဆင်နယ်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ပွဲကို အဆုံးသတ်လုနီးပါးအထိ ဖြစ်ခဲ့တာ ပါ။

ဒါပေမယ့် နာကျင်အချိန်ပိုမှာ ပဲလေ့စ်နောက်ခံလူ ဂူဟီရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် အာဆင်နယ် ကစားသမားတွေဟာ ပင်နယ်တီအဆုံးအဖြတ်ကိုဖိအားတွေနဲ့ ကန်သွင်းခဲ့ရတာဖြစ်ပါတယ်။
အချိန်ပိုမှာ ချေပဂိုး ပြန်ပေးလိုက်ရမှုကို လက်ခံဖို့ ခက်ခဲပေမယ့် အသင်းသားတွေဟာ ၃ ရက်တစ်ပွဲကစားနေရချိန်မှာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့တဲ့အတွက် ကျေနပ်တယ်လို့ အာတီတာက ပြောသွားခဲ့တာပါ။

အခုပွဲအနိုင်ရတဲ့အတွက် အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီလထဲမှာ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် လန်ဒန်ပြိုင်ဘက် ချဲလ်ဆီး အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာလည်း ဇယားထိပ်မှာ ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးစားနေရပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဘရိုက်တန်အသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။




