ဘုန်းမောက်အသင်းရဲ့ ဂါနာလက်ရွေးစင် တောင်ပံကစားသမား ဆီမန်ညိုဟာ မန်စီးတီးအသင်းကို ပြောင်းဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကစားသမားနဲ့ မန်စီးတီးအသင်းတို့အကြားဆွေးနွေးမှုတွေက အဆင်ပြေနေသလို အပြီးသတ်သဘောတူညီချက်ရဖို့ အနီးစပ်ဆုံးအဆင့်ကို ရောက်နေပြီလို့ သတင်းတွေက ဖော်ပြကြပါတယ်။

လာမယ့် ဇန်နဝါရီမှာ အသက် ၂၆ နှစ်ပြည့်မယ့် ဆီမန်ညိုကို မန်စီးတီးအပါအဝင် ပရီးမီးယားလိဂ်ထိပ်တန်း အသင်းတွေ ကြိုးစားခဲ့ကြပေမယ့် မန်စီးတီးအသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်အသင်းနဲ့ အတူ ပုံစံကောင်းကို ပြသနေတဲ့ ဆီမန်ညိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့စဖွင့်ပြီး ၁၀ ရက်အတွင်းမှာ စာချုပ်ဖျက်ကြေး ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်ခွင့်ရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းထဲက ဆီမန်ညိုဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်လာခဲ့ပြီးနောက် မန်ယူအပါအဝင် ပရီးမီးယားလိဂ်အသင်းအချို့ရဲ့ စိတ်ဝင်စားမှုတွေက အားလျော့သွားခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်အသင်း ဘက်ကလည်း သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို လက်လွှတ်ရဖို့အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဆီမန်ညိုရဲ့ နေရာအတွက် အစားထိုးမယ့် ကစားသမားစာရင်းတွေကိုတောင် ပြုစုထားတယ်လို့ သိရပါတယ်။

တစ်ချို့သတင်း တွေမှာတော့ မန်စီးတီးကိုပြောင်းဖို့ ဆီမန်ညို ဆုံးဖြတ်ချက်ချထားတယ်လို့ သိရပေမယ့် အခုချိန်ထိ အသင်းတွေ ဘက်ကရော ကစားသမားဘက်ကရော အတည်ပြုမှုမရှိသေးတာဖြစ်ပါတယ်။




