ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ နိုင်ငံတော်ဈာပနာအခမ်းအနားမှာ လိုအပ်ချက်တွေမရှိစေဖို့အတွက် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဈာပနအခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကပြောပါတယ်။ဩဂုတ် ၇ ရက်၊ ညနေပိုင်းက နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတော် ဈာပနအခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာပါ။

နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပရေးနဲ့ စပ်လျဉ်းပြီး ဈာပနာအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနဲ့ လုပ်ငန်းကော်မတီတွေကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးက ဖွဲ့စည်းပေးခဲ့ပြီး ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ(၁၁)ခုကိုလည်း ဖွဲ့စည်းထားပြီဖြစ်တယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကပြောပါတယ်။ကော်မတီတွေအလိုက် လုပ်ငန်းတာဝန်တွေကိုလည်း ပြည့်စုံစွာ စီမံဆောင်ရွက်ထားဖို့လိုပြီး ဒါမှသာ နိုင်ငံတော် အဆင့် ဈာပနအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။အလားတူ ကော်မတီတစ်ခုနဲ့ တစ်ခု ချိတ်ဆက်မိဖို့လိုပြီး အခမ်းအနားအစီအစဉ်တွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့အတွက်လည်း ကြိုတင်စီစဉ် ဆောင်ရွက်ထားကြဖို့ပြောပါတယ်။

အဲဒီနောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဈာပနကျင်းပမယ့် လမ်းကြောင်းတစ်လျှောက် ပြင်ဆင်ရမယ့် လုပ်ငန်းတွေဖိတ်ကြားရေး တည်းခိုရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြ ပါတယ်။အဲဒီနောက်မှာတော့ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက နိုင်ငံတော်အဆင့် ဈာပနာအခမ်းအနားမှာ ပြင်ဆင်ဆောင်ရွက်ရေးနဲ့ နေရာချထားရေး၊ မိုးရာသီ ကာလဖြစ်လို့ ကော်မတီတွေအလိုက် အရန်အစီအစဉ်တွေ စီစဉ်ဆောင်ရွက်ထားနိုင်ရေး ဆွေးနွေးတင်ပြခဲ့ပါတယ်။ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဩဂုတ် ၇ ရက်၊ မနက် ၈ နာရီ ၂၈ မိနစ်အချိန်မှာ အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားတဲ့အတွက် ဩဂုတ် ၇ ရက်ကနေ ၁၁ ရက်အထိကာလကိုလည်း နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း အထိမ်းအမှတ်ကာလအဖြစ် ကြေညာထားပါတယ်။




