ကာဇက်စတန်နိုင်ငံကို အလုပ်သဘောခရီးရောက်ရှိနေတဲ့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၈ ရက်၊ ဒေသစံတော် ချိန်နေ့လယ်ပိုင်းက အက်စတာနာမြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ကို သွားရောက်လေ့လာပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ခရီးစဉ်မှာလိုက်ပါလာတဲ့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနဲ့ တာဝန်ရှိသူတွေ လိုက်ပါလေ့လာ ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ဟာ ပိရမစ်ပုံစံဒီဇိုင်း ရေးဆွဲတည်ဆောက်ထားတဲ့ ခေတ်မီ အဆောက်အအုံတစ်ခုဖြစ်ပြီး စုစုပေါင်းဧရိယာစတုရန်းပေ ၃ သိန်း ကျယ်ဝန်းကာ ၂၀၃ ပေအမြင့်ရှိတဲ့ ခမ်းနားထည်ဝါတဲ့ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။နန်းတော်ကို ၂၀၀၆ ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့ပြီး အင်္ဂလန်နိုင်ငံ ဗိသုကာပညာရှင် နော်မန်ဖော်စတာက ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ဘာသာရေးအခမ်းအနားတွေအပြင် ဖျော်ဖြေပွဲတွေ၊ ရုပ်ရှင်ပွဲတော်တွေနဲ့ အမျိုးသားရေးညီလာခံ အခမ်းအနားတွေ ကျင်းပရာ အဆောက်အအုံတစ်ခုဖြစ်ကာ ကာဇက်စတန်နိုင်ငံအတွက် အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။




